
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာအနီး တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်က PDF ရဲဘော် နှစ်ယောက် ကျဆုံးခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင် မိတ်ဘက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီက ထုတ်ပြန်ပါတယ်။
PDF တပ်ဖွဲ့ဝင် ရဲဘော်စည်သူအောင်နဲ့ ရဲဘော်သီဟဇော်တို့ဟာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ ထုံးဘိုလေးကျေးရွာအနီး တိုက်ပွဲမှာ ကျဆုံးသွားခဲ့တာပါ။
ကျဆုံးခဲ့တဲ့ PDF ရဲဘော်နှစ်ယောက်ကို “နွေဦးအာဇာနည်သူရဲကောင်း” အဖြစ် မှတ်တမ်းတင်ထားရှိကြောင်းနဲ့ သူတို့ရဲ့ စွန့်လွှတ်စွန့်စားခဲ့မှု သမိုင်းကြောင်း ထွန်းပြောင်စေရေးအတွက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာတွေကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မိတ်ဘက်ကော်မတီက ထုတ်ပြန်ထားပါတယ်။
သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ ကျဆုံးခဲ့တဲ့ PDF ရဲဘော်နှစ် ယောက်အတွက် စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်းမှာ KNLA ပူးပေါင်းအဖွဲ့ဘက်က နှစ်ယောက် ကျဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်က ငါး ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပါတယ်။