
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်ထဲ တပ်အင်အား ထပ်မံဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဇွန် ၂၉ ရက် မနက် ၉ နာရီလောက်က ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်လာတဲ့ ကား ၄ စီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို အင်္ဂဘိုကျေးရွာအနီးမှာ KNLA ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် လွတ်မြောက်လာတဲ့ အဲဒီစစ်ကောင်စီယာဉ်တန်းကို ဘီးလင်းမြို့နယ် တညင်ချောင်းကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီကားတစီး လက်နက်ကြီးထိမှန်ခဲ့ပေမဲ့ ထိခိုက်သေဆုံးမှု မြေပြင်အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
ကေအန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာပါ။
အဲဒီတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးတာတွေ ရှိနေသလို စစ်ကောင်စီတပ်က အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာကို မီးရှို့ဖျက်ဆီးထားပါတယ်။