
စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးဟာ တပိဿာကို ၆,၉၈၅ ကျပ် ဖြစ်တာကြောင့် ပြီးခဲ့တဲ့အပတ်ထက် ၂၅၀ ကျပ် ထပ်မံမြင့်တက်လာပါတယ်။
ပြည်တွင်းစားသုံးဆီဈေးကွက်မှာ စားအုန်းဆီရည်ညွှန်းဈေးဟာ ဖေဖော်ဝါရီလဆန်းကစပြီး အခုအချိန်အထိ ၂ လကျော်အတွင်း ၁၂ ရာခိုင်နှုန်းကျော်အထိ ဆက်တိုက်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အဓိက ထုတ်လုပ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားမှာ ထုတ်လုပ်မှုလျော့ကျတာ၊ အင်ဒိုနီးရှားက ပို့ကုန်ခွန်တိုးမြှင့်တာတွေကြောင့် ကမ္ဘာ့ဆီဈေးနှုန်းတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
ပြည်တွင်းမှာလည်း လောင်စာဆီဈေးမြင့်တက်လို့ သယ်ယူစရိတ်နဲ့ ထုတ်လုပ်မှုစရိတ်တွေ မြင့်မားလာပြီး ပြည်တွင်းဖြစ် ပဲဆီဈေးနှုန်းလည်း လိုက်ပါမြင့်တက်နေပါတယ်။
လက်ရှိမှာ စားအုန်းဆီ ရည်ညွှန်းဈေး ၇,၀၀၀ ကျပ် ဝန်းကျင်အထိ တက်လာသလို ပြင်ပလက်လီဈေးကွက်မှာလည်း ဒေသအလိုက် တပိဿာကို ၁၂,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
ရည်ညွှန်းဈေးသတ်မှတ်ထားတဲ့ တခြားကုန်စည်တွေနည်းတူ ရည်ညွှန်းဈေးထက် ပြင်ပပေါက်ဈေးက ပိုများနေတာကြောင့် အခြေခံလူတန်းစား စားသုံးသူတွေဟာ ကုန်ဈေးနှုန်းဒဏ်ကို ပိုမိုခံစားနေကြရပါတယ်။










