DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးလွတ်မြောက်ရေး ကြိုးပမ်းနေဟု NUG ပြော
DVB
·
June 29, 2022
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးလွတ်မြောက်ရေး ကြိုးပမ်းနေဟု NUG ပြော
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်ကြောရေးစခန်းတွေ၊ အကျဉ်းထောင်တွေအတွင်း  ဓားစာခံတွေသဖွယ် မတရားဖမ်းဆီးခံထားကြရသူတွေရဲ့ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေကာ အားလုံးလွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

ဇွန် ၂၉ ရက် ရက်စွဲနဲ့ အဆိုပါ ထုတ်ပြန်ချက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအချိန်မှာ နေပြည်တော်အကျဉ်းထောင်ကို ပို့ဆောင်ချုပ်နှောင်ထားကြောင်းနဲ့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ စစ်အာဏာရှင် အဆက်ဆက်က အာဏာတည်မြဲရေးအတွက် နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်တာ၊ မတရားဖမ်းဆီးချုပ်နှောင်တာ၊ အသက် အိုးအိမ်စည်းစိမ်တွေကို ထိပါးဖျက်ဆီးတာတွေကို ကျူးလွန်ခဲ့ကြသလို အခုလက်ရှိ အကြမ်းဖက်စစ်ကောင်စီဟာလည်း ခေတ်အဆက်ဆက် အာဏာရှင်တွေထက် ပိုမိုဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာ ဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများစွာကို ဆင်ခြင်တုံ့တရား ကင်းမဲ့စွာ ဆက်လက်ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံရေးခေါင်ဆောင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူတွေအားလုံးဟာ ရာဇဝတ် ဂိုဏ်းတခုက ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေနဲ့ အလားသဏ္ဍာန်တူနေတဲ့ ကာလဖြစ်တာကြောင့် တဦးတယောက်ချင်းစီတိုင်းရဲ့ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ် အနေအထားဖြစ်နေတယ်လို့လည်း NUG က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) နဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများ (ICCPR) ပဋိညာဉ်စာတမ်းတွေမှာတော့ ဘယ်လိုရည်ရွယ်ချက်အတွက်မဆို ဓားစာခံ အဖြစ် ဖမ်းဆီးတာဟာ လူတဦးချင်းရဲ့ဘဝ၊ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုအပါအဝင် လူတိုင်းရဲ့ ဂုဏ်သိက္ခာနဲ့ အခြေခံ အခွင့်အရေးတွေ၊ ကုလသမဂ္ဂက ထိန်းသိမ်းထားတဲ့ အခြေခံတန်ဖိုးတွေကို ချိုးဖောက်တယ်လို့ ပြဋ္ဌာန်း ထားတာမို့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီခြင်းမရှိရုံသာမက မြန်မာနိုင်ငံက ၂၀၀၄ ခုနှစ် ဇွန် ၄ ရက်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဓားစာခံဖမ်းခြင်း ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါ  အချက်အလက်တွေကိုလည်း ဗြောင်ကျကျ ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ မတရားဖမ်းဆီးခံထားရသူတွေအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် ဒီမိုကရေစီရေးကြိုးပမ်းဆောင်ရွက်နေကြသူတွေ၊ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို လေးစားတန်ဖိုး ထားကြသူ တွေ အားလုံးနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ပြီး အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြဖို့လည်း တာဝန်ရှိကြောင်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက် စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ တနှစ်ခွဲနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သလို ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှု တွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၀၃၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၃၇၄ ယောက်ထိ ရှိလာခဲ့ပြီလို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013