DVB Logo
Home
မြန်မာသတင်း
မြန်မာအာဏာသိမ်းစစ်အုပ်စုကို ပိတ်ဆို့ဒဏ်ခတ်အရေးယူရန် ဩစတြေးလျကို တောင်းဆို
DVB
·
June 29, 2022
မြန်မာအာဏာသိမ်းစစ်အုပ်စုကို ပိတ်ဆို့ဒဏ်ခတ်အရေးယူရန် ဩစတြေးလျကို တောင်းဆို
Donate to DVB

မြန်မာအာဏာသိမ်းစစ်အုပ်စုကို ပိတ်ဆို့ဒဏ်ခတ်အရေးယူတာတွေလုပ်ဖို့နဲ့ NUG အစိုးရကိုတရားဝင်အစိုးရအဖြစ် အသတ်အမှတ်ပြုဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၇၀၀ လောက်က ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဆီကို ဇွန် ၂၉ ရက်နေ့စွဲနဲ့  အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆို လိုက်ပါတယ်။

တောင်းဆိုချက် ၁၅ ချက်ပါတဲ့စာကို နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းဆီကို ပေးပို့လိုက်တာဖြစ်ပြီး အရှေ့တောင်အာရှရေးရာ အထူးသံတမန် ခန့်အပ်ဖို့၊ အရှေ့တောင်အာရှဒေသကို အကူအညီတွေ တိုးချဲ့ပေးပို့ဖို့နဲ့ “First Nations Foreign Policy” ကို အကောင်အထည်ဖော်ဖို့ ဩစတြေးလျနိုင်ငံ အစိုးရရဲ့ ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုတယ်လို့ဆိုပါတယ်။

အာဆီယံဟာ စစ်အုပ်စုအကြမ်းဖက်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက်နေပြီး ဩစတြေးလျ နိုင်ငံသားတွေရဲ့ အခွန်ဘဏ္ဍာငွေတွေနဲ့ပံ့ ပိုးထားတဲ့ အာဆီယံ လူသားချင်းစာနာမှု အကူအညီတွေ ပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHA Centre) ဟာ  အကူအညီတွေကို စစ်တပ်ကတဆင့် ပေးဖို့ စီစဉ်နေတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပယ်ချထားပြီး ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ တိုက်တွန်းပါတယ်။

မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ ၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူအားလုံးကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အမြင့်ဆုံး အတိုင်ပင်ခံ အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ထောက်ခံအားပေးဖို့တောင်းဆိုထားပါတယ်။

တရားမဝင်စစ်အုပ်စုရဲ့ ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ခန့်အပ်တာကို ပယ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ သံအမတ် ခန့်အပ်တာကို လက်ခံပေးဖို့၊ NUG၊ NUCC နဲ့တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီး ပြည်တွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းတွေက တဆင့် ဩစတြေးလျနိုင်ငံက ပေးအပ်တဲ့ အကူအညီတွေကို နယ်စပ်ဖြတ်ကျော် ဖြန့်ဝေပေးဖို့ကိုလည်း တောင်းဆိုပါတယ်။

ပြီးတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှု အပြည့်အ၀ ရဖို့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့ အမှုမှာ ပါဝင် ဆောင်ရွက်ပေးဖို့၊ မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချတာ ပိတ်ဆို့ပေးရေးနဲ့ မြန်မာနိုင်ငံအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ဆီ လွှဲပြောင်းပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းဖို့လည်း တောင်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ သတ္ထုတွင်းထွက်တွေရှာဖွေတူးဖော်တာတွေမှာ ဩစတြေးလျ သတ္တုတွင်းကုမ္ပဏီတွေ ဆက်လုပ်နေတာကို တားဆီးပေးဖို့နဲ့  မြန်မာအာဏာသိမ်းစစ်အုပ်စု၊ ခရိုနီတွေနဲ့ စီးပွာရေးလုပ်တာကိုရှောင်နိုင်ဖို့ ဩစတြေးလျစီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံသူတွေအတွက် အကြံပေးတယောက်ထားဖို့လည်း စာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုကို စစ်လက်နက်နဲ့ ဝင်ငွေအမြတ်အစွန်းတွေ ပံ့ပိုးပေးနေတဲ့ စီးပွားရေးလုပ်ငန်းများအားလုံးကနေ Future Fund ရဲ့ ရင်းနှီးမြုပ်နှံမှု ရပ်ဆိုင်းစေဖို့၊  မြန်မာ့အရေးကို အရေးယူဖို့ ပျက်ကွက်တဲ့ အာဆီယံရဲ့ ဆင်ခြေပေးနေတာတွေ ရပ်တန့်အောင်လုပ်ဖို့လည်း တောင်းဆိုပါတယ်။

မြန်မာအာဏာသိမ်းစစ်အုပ်စုကို အစည်းအဝေးတွေ၊ အစီအစဉ်တွေ၊ စစ်ရေးလေ့ကျင့်တာတွေ အားလုံးကနေ ဖယ်ထုတ်ရေး၊ စစ်အုပ်စု ကိုယ်စားလှယ်တွေ တက်ရောက်မယ့် အစည်းအဝေးပွဲများအားလုံး ဆန့်ကျင် သပိတ်မှောက်ရေး အာဆီယံကို တိုက်တွန်းဖို့လည်း တောင်းဆိုပါတယ်။

အာဆီယံအထူးသံတမန်၊ ကုလသမဂ္ဂအထူးသံတမန်တို့နဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ ဩစတြေးလျနိုင်ငံရဲ့ အရှေ့တောင်အာရှဆိုင်ရာ အထူးသံတမန် တာဝန်ပေး ခန့်အပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

မော်ရစ်ဆင်အစိုးရ ဩစတြေးလျနိုင်ငံရဲ့ စံနှုန်းတွေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေကို လေးစားလိုက်နာကျင့်သုံးဖို့ ပျက်ကွက်ခဲ့တာကတော့ ရှက်စရာဖြစ်တယ်လို့လည်း စာမှာ ဖော်ပြထားပါတယ်။

Photo Credit- Penny Wong

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013