DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆာခွန်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်
DVB
·
June 29, 2022
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်  ပရတ်ဆာခွန်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်
Donate to DVB

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား ဒုနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်း  ဦးဆောင်တဲ့ အဖွဲ့ဟာ ဇူလိုင် ၂၉ ရက် ဒီကနေ့ မြန်မာနိုင်ငံကို ခရီးစတင်ထွက်ခွာသွားပါတယ်။

ပရတ်ဆာခွန်း ဦးဆောင်တဲ့ အာဆီယံသံတမန်များအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ကာလရှည်ကြာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအပေါ် ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးအတွက် ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ ၅ ရက်ကြာလာရောက်တာဖြစ်ပြီး ဒါဟာ သူ့ရဲ့ ဒုတိယ အကြိမ်မြောက် မြန်မာပြည်ခရီးစဉ်လည်းဖြစ်ပါတယ်။

၂၈ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အထူးကိုယ်စားလှယ်ဆာခွန်းနဲ့အတူ လာအိုနိုင်ငံရဲ့ အာဆီယံဆိုင်ရာ အမြဲတန်းကိုယ်စားလှယ်ဖြစ်သူ အာဆီယံလူမှုရေးနဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းရဲ့ ဒုတိယအထွေထွေအတွင်းရေးမှူး Ekkaphab Phanthavong ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဝန်ထမ်းတွေနဲ့ ကမ္ဘောဒီးယား  အဆင့်မြင့် အစိုးရအရာရှိတွေ လိုက်ပါလာတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ်မြောက် ဒီခရီးစဉ်ဟာ အချက် ၅ ချက်ပါ အာဆီယံသဘောတူညီချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ပြောင်းလဲတိုးတက်မှုတွေ ဖော်ဆောင်ဖို့ဖြစ်သလို ၂၀၂၂ ခုနှစ် မေလ ၆ ရက်နေ့က ဖနွမ်ပင်မှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံကို အာဆီယံရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး အစည်းအဝေးရဲ့ ရလဒ်လည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လထဲမှာ ပထမအကြိမ်အဖြစ် လာရောက်ခဲ့စဉ်က နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်အခေါက်တွေမှာတွေ့ခွင့်ပေးမယ့် အလားအလာရှိတဲ့သဘောမျိုး အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေအရ ဆာခွန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့တော့ မသေချာဘူးလို့ ဆိုပါတယ်။

ဆာခွန်းလာရောက်တာဟာ အာဆီယံဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေးနဲ့ ပုံမှန်အတိုင်းပြန်လည်တည်ငြိမ်ရေးအပေါ်မှာ သံန္နိဋ္ဌာန်ချဆောင်ရွက်ပေးနေတယ်ဆိုတာကို ပေါ်လွင်စေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံ ရွိုင်ရယ်အကယ်ဒမီတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခတစ်ဦးဖြစ်တဲ့ ယန်းပီအွတ် က ကမ္ဘောဒီးယားသတင်းစာကို ပြောပါတယ်။

“ကမ္ဘောဒီးယာမှာ ဆယ်စုနှစ်ပေါင်းများစွာ စစ်ဖြစ်ခဲ့ပြီးနောက် ၁၉၉၈ နှောင်းပိုင်းကနေစပြီး တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးရလာခဲ့တယ်။ နိုင်ငံအတွင်းမှာ အန္တရာယ်နဲ့ ဘေးဒုက္ခတွေရောက်စေတာကလွဲရင် စစ်ပွဲတွေကြောင့် ဘာမှကောင်းကျိုးမရှိဘူး။” 

ပရတ်ဆာခွန်းရဲ့ အခုတကြိမ်မြန်မာပြည်ခရီးစဉ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားရာနေအိမ်ကနေ နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့အကျဉ်းချထားချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်မှာ အကျဉ်းချလိုက်တာနဲ့ပတ်သက်လို့  ဝန်ကြီး  ပရတ်ဆာခွန်းက ဇွန် ၂၇ ရက်မှာ  စစ်ကောင်စီထံ စာပေးပို့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အရင်ထိန်းသိမ်းထားရာ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးဖို့ ပန်ကြားထားပါတယ်။

Photo Credit-MFAIC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013