
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုတို့ ဇူလိုင် ၁၃ ရက်က Video Conference နဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG က ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆောင်ရွက်နေတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေအကြား တွေ့ဆုံ ဆွေးနွေးနိုင်တာက မြန်မာ့နိုင်ငံရေးအခြေအနေကို ပိုမိုနားလည်သဘောပေါက်စေဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြေရှင်းချက်တွေကို ရှာဖွေဖို့ အထောက်အကူပြုမယ်လို့လည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
မကြာသေးခင်ရက်ပိုင်းအတွင်းက အာဆီယံအထူးကိုယ်စားလှယ် လာဇာရိုဟာ ထိုင်းနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ရော စစ်အာဏာရှင်ရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (NSPNC) နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ပြီးနောက် NUG နဲ့ အွန်လိုင်းကနေ အခုလို ဆက်လက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး SCEF က ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်ထားပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဟာ နေပြည်တော်မှာပဲ သီးသန့်ရှိနေတာ မဟုတ်တော့ဘဲ နိုင်ငံတဝန်း နေရာအများအပြားမှာ ဒေသကိုယ်စားပြု အာဏာပိုင်တွေက အုပ်ချုပ်စီမံနေကြတာကြောင့် ဘယ်လို ငြိမ်းချမ်းရေးဖြစ်စဉ်မဆို အဲဒီ တရားဝင် နိုင်ငံရေးအာဏာပိုင်တွေကို အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံရမယ်လို့ ဖော်ပြထားပါတယ်။
Photo: DVB










