DVB Logo
Home
မြန်မာသတင်း
သထုံမြို့နယ်၌ စစ်ကောင်စီတပ်က ရွာမီးရှို့၊ ကလေးအပါအဝင် ရွာသားများကို ဖမ်းဆီးသတ်ဖြတ်
DVB
·
June 29, 2022
သထုံမြို့နယ်၌ စစ်ကောင်စီတပ်က ရွာမီးရှို့၊ ကလေးအပါအဝင် ရွာသားများကို ဖမ်းဆီးသတ်ဖြတ်
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ကေအန်ယူ သထုံခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန် ၂၅ ရက် ညနေက ထုံးဘိုလေးကျေးရွာအနီး နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်နဲ့ နယ်မြေခံ ကေအန်ယူတပ်တို့အကြား တိုက်ပွဲ မိနစ် ၄၀ လောက် ပြင်းထန်ခဲ့ပြီးနောက် ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က လူနေအိမ်အပါအဝင် အထက်တန်းကျောင်းနဲ့ ကျေးရွာ ဘုန်းကြီးကျောင်းကိုပါ မီးရှိုခဲ့သလို ဇွန် ၂၆ ရက် မနက်ပိုင်းမှာလည်း ကျေးရွာတွင်း ကျန်ရှိနေတဲ့ လူနေအိမ်ကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

ထုံးဘိုလေးကျေးရွာဟာ အိမ်ခြေ ၁၅၉ ကျော်ရှိပြီး ဇွန် ၁ ရက်ကတည်းက စစ်ကောင်စီတပ်တွေဟာ ထုံးဘိုလေးကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်မှုကြောင့် ရွာသားတွေဟာ ရွာတွင်းမနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဇွန် ၂၆ ရက်ကလည်း စစ်ကောင်စီတပ်ဟာ ထုံးဘိုလေးကျေးရွာအနီးက ထွက်ပြေး တိမ်းရှောင်နေတဲ့ ပြည်သူ ၁၀ ယောက်ကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကေအန်ယူသတင်းရင်းမြစ်ဆီက သိရပါတယ်။

သေဆုံးသွားသူတွေထဲမှာ အတည်ပြုထားတဲ့ သတင်းအရ အသက် ၁၂ နှစ်အရွယ် နော်မိစေး၊ စောသန်းဝင်း ၄၉ နှစ်၊ စာလူပျို ၅၈ နှစ်၊ စောဆာမူး ၃၉ နှစ်၊ ဦးကျော်ထင် ၅၅ နှစ်နဲ့ နော်မသွယ် ၄၆ နှစ်ဖြစ်ပြီး ကျန်သူတွေကို အတည်ပြုချက် မရသေးပါဘူး။

ဒါ့အပြင် ဇွန်လ ၂၅၊ ၂၆ ရက်တွေမှာလည်း စစ်ကောင်စီ ခမရ အမှတ် ၉ စခန်းကနေ လက်နက်ကြီးတွေနဲ့ ရမ်သန်းပစ်ခတ်မှုကြောင့် အနီးတဝိုက်ကျေးရွာတွေဖြစ်တဲ့ ဖာပိန်၊ ကျောက်တောင်၊ ကျောက်တောင်ရွာလေး၊ အင်းရွာ၊ စောအဲဖိုး၊ နောက်ကတုတ်အထက်ကျေးရွာ တွေက ဒေသခံတွေ နေအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ဇွန် ၁ ရက်ကစပြီး အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ ကေအန်ယူ သထုံမြို့နယ်အတွင်း တပ်စွဲထားတဲ့ စကခ ၈ ပိန္နဲတောစခန်း၊ ကေအန်ယူ ဘီးလင်းမြို့နယ်အတွင်း ကျူးကျော်တပ်စွဲထားတဲ့ လေးကေစစ်ကောင်စီစခန်းနဲ့ ဝင်းတာပန်စခန်းတွေကို ရိက္ခာပို့ဆောင်ဖို့၊ တပ်ပြောင်းဖို့နဲ့ အင်အားတိုးချဲဖို့ နယ်မြေကျူးကျော် စစ်ကြောင်းထိုးလာတာတွေ လုပ်ဆောင်နေမှုကြောင့် နယ်မြေခံ ကေအန်ယူ လက်အောက်ခံတပ်တွေနဲ့ မကြာခဏ ပစ်ခတ်မှုဖြစ်ပြီး တိုက်ပွဲ ပြင်းထန်လာနိုင်ကြောင်းလည်း ကေအန်ယူသတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013