DVB Logo
Home
မြန်မာသတင်း
အမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်က ခေါင်းဖြတ်သတ်ခဲ့ဟု မြိုင်PDF ထုတ်ပြန်
DVB
·
June 29, 2022
အမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်က ခေါင်းဖြတ်သတ်ခဲ့ဟု မြိုင်PDF ထုတ်ပြန်
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကြံစိမ့်ကြီးရွာက အမျိုးသမီးတယောက်ကို ဦးခေါင်းဖြတ် သတ်ဖြတ်တဲ့ ရုပ်သံဖိုင်တခုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဆက်တိုက်ဖြန့်ဝေနေပြီး အဲဒီဖြစ်စဥ်ဟာ မြိုင် ပ.က.ဖနဲ့ လုံးဝသက်ဆိုင်မှု မရှိဘူးလို့ ​ဇွန် ၂၈ ရက်စွဲနဲ့ မြိုင် ပ.က.ဖက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်စဥ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ၁၀ လပိုင်းလောက်က သရက်မြို့မရဲစခန်းက ရဲတပ်သား ဇော်လင်းအောင်ဟာ CDM ပြုလုပ်ပြီး မြိုင်မြို့နယ် ကြံစိမ့်ကြီးရွာက မနန္ဒာရဲ့နေအိမ်မှာ တည်းခိုခဲ့လို့ ရှင်မတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အပေါင်းပါတွေက အိမ်ရှင်ဖြစ်သူ မနန္ဒာကို သတ်ဖြတ်သွားတာသာ ဖြစ်တယ်လို့ မြိုင်မြို့နယ် ပ.က.ဖ တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီရဲတပ်သားကို ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ်တခုက မြိုင်မြို့နယ်ကို ဖောကားနဲ့ ပို့တဲ့အချိန်မှာ ကိုင်းလမ်းခွဲမှာဆင်းကာ နောက်ဖေးသွားသလိုလုပ်ပြီး ကြံစိမ့်ကြီးရွာကို တိမ်းရှောင်ခဲ့တာပါ။ ကျနော်တို့အဖွဲ့တွေက လက်နက်ပါမယ်ထင်ပြီး ဝတ်ကျရွာဘက်ကို သွားကြိုခဲ့တယ်။ လက်နက်ပါမလာပေမဲ့ ကျနော်တို့ဆီမှာ ၃ လလောက် ကျွေးမွေးစောင့်ရှောက်ထားပြီး သူ့မွေးချင်းတွေ လာခေါ်သွားတယ်။ ထမင်းဆာလို့ဆိုပြီး အဲဒီအိမ်ကို ဝင်တည်းလိုက်တာ။ ရှင်မတောင်မှာ တပ်စွဲထားတဲ့ စစ်(...)တွေ လိုက်လာပြီး ရဲတပ်သားဇော်လင်းအောင်ကို မတွေ့လို့ သူတည်းခိုခဲ့တဲ့ အိမ်ပိုင်ရှင် မနန္ဒာကို သတ်ဖြတ်သွားကြတာ။”

ဒီဖြစ်စဥ်ဟာ မြိုင်မြို့နယ်၊ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ မြိုင် ပ.က.ဖရဲ့ပုံရိပ် ကျဆင်းအောင် စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်တာသာဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်လက်ယာက “ကျနော့်လက်အောက်မှာရှိတဲ့ ရဲဘော်တွေကိုလည်း ကိုယ်လုပ်တဲ့လုပ်ရပ် မှားတယ်ဆိုရင် တာဝန်ယူရမယ်၊ တာဝန်ခံရမယ်လို့ ညွှန်ကြားထားတာရှိတယ်။ အဲဒီမှာ CDM လုပ်လာတဲ့ ရဲတယောက် တည်းခိုသွားလို့ ဝင်သတ်သွားတာသာ ဖြစ်တယ်။ သူတို့ (...)တွေရဲ့ အင်အားက CDM လုပ်လို့ လျော့နည်းသွားတဲ့အတွက် တည်းခိုတဲ့အိမ်ကို မုန်းတီးလို့ သတ်ဖြတ်သွားတာပဲ။ သူတို့ဘက်က ကျ‌နော်တို့ဆီမှာ CDM လုပ်တာ အခုဆိုရင် ၁၁ ယောက်လောက်ရှိသွားပြီ။ CDM လုပ်လို့ အင်အားတွေ လျော့နည်းလာလို့ ကျ‌‌နော်တို့နဲ့ ဆက်နွှယ်တဲ့သူတွေကို လိုက်လံရှင်းလင်းတယ်လို့ ယူဆတယ်” လို့ ဆိုပါတယ်။

ကြံစိမ့်ကြီးကျေးရွာ ဒေသခံတယောက်ကတော့ “အဲဒီရက်ပိုင်းက မင်းသားကျရွာဘက်ကို စစ်ကြောင်းထိုးတယ်လို့ ကြားတယ်ဗျ။ အဲဒီစစ်ကြောင်းမှာ ပါလာတဲ့ ရဲတပ်သားဇော်လင်းအောင်ဟာ လမ်းမှာဆင်းလာပြီး ကြံစိမ့်ကြီးရွာကို ဝင်လာတယ်။ သူတို့ ဘယ်လိုအချိတ်အဆက်ရှိတယ်တော့ မသိဘူး။ ဒေါ်နန္ဒာရဲ့အိမ်မှာ တညတည်းခိုသွားတယ်လို့ သိရတယ်။ အဲဒီလို တည်းခိုသွားတဲ့အတွက် ရှင်မတောင် တောင်ပေါ်က အရပ်ဝတ် ဝတ်ထားတဲ့ စစ်(...)တွေ အင်အား ၁၅ ယောက်လောက် သေနတ်တွေပစ်ဖောက်ပြီး ရွာထဲကိုဝင်လာလို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်။ အေးအေးဆေးဆေးဖြစ်သွားလို့ ရွာထဲကို ပြန်ဝင်တော့ ဒေါ်နန္ဒာကို ရက်ရက်စက်စက် သတ်ဖြတ်သွားတာ တွေ့ရတယ်။ ဒေါ်နန္ဒာရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ဟာ တခြားစီဖြစ်နေပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားတာပါ။ ဒီလိုသတ်ဖြတ်တာဟာ တော်တော်လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေခဲ့ကြရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မြိုင်မြို့နယ် ကြံစိမ့်ကြီးကျေးရွာက မနန္ဒာကို ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီလောက်မှာ PDF တွေက ဒလန်လို့စွပ်စွဲကာ ဓားနဲ့ခုတ်သတ်သွားတယ်လို့ ဖေဖော်ဝါရီ ၂၀ ရက်စွဲနဲ့ ဖော်ပြထားပါတယ်။

အဲဒီ သတ်ဖြတ်ခံရတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဇွန် ၂၈ ရက်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေနဲ့ တယ်လီဂရမ်တွေမှာ ဆက်တိုက် ဖြန့်ဝေနေပါတယ်။

စစ်ကောင်စီတပ်တွေဟာ အနောက်မြောက်စစ်ဒေသဖြစ်တဲ့ ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်တွေကို ထိန်းချုပ်ဖို့ ခက်ခဲလာလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပြည်သူလူထုကို သွေးကွဲအောင် နည်းအမျိုးမျိုး အသုံးပြုပြီး ဝါဒဖြန့်တာတွေပြုလုပ်၊ စစ်ကြောင်းတွေ ဆက်တိုက်ထိုးကာ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013