DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကသာ ပကဖအဖွဲ့ ဖမ်းဆီး
DVB
·
June 29, 2022
ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကသာ ပကဖအဖွဲ့ ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အင်းရွာတိုက်နယ်မှာ မူးယစ်ဆေးသတင်းရရှိလို့ ကသာခရိုင်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဇွန် ၂၆ ရက် ည ၈ နာရီလောက်က သွားရောက်ရှာဖွေရာ ကိုသောင်‌အေးဆိုသူရဲ့ အခင်းတဲထဲမှာ WY စာတန်းပါ မူးယစ်ဆေးပြား ၁၀ သိန်းကျော်၊ ကာလတန်ဖိုး ကျပ်သိန်း ၃,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

အခင်းပိုင်ရှင်ဟာ နမ်းခမ်းဘက်ကလာတဲ့ မူးယစ်ကုန်သည်နှစ်ဦးဆီကနေ မူးယစ်ဆေးတွေ လက်ခံရယူထားတာဖြစ်ပြီး တဆင့် ပြန်လည်ရောင်းချဖြန့်ဝေတာလို့ ကသာ ပကခ တာဝန်ခံက ပြောပါတယ်။

“သတင်းရလို့ ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ရှာဖွေကြတာ၊ WY စာတန်းပါတဲ့ ဆေးပြား ၁၀ သိန်းကျော် ဖမ်းမိတယ်။ ဖမ်းမိတဲ့သူနဲ့သိတဲ့ မူးယစ်ကုန်သည်နှစ်ဦးက သူ့တဲမှာ လာထားတယ်၊ စောင့်ရှောက်ခိုင်းထားတယ်။ စောင့်ရှောက်ခအနေနဲ့ ၁၀ သိန်းပေးတာတဲ့။ အဲကနေတဆင့် တလုံးကို လက်ကားစျေး ၂၅၀၊ ၃၀၀ နဲ့ ပြန်ပြီး ရောင်းချပေးနေတယ်။”

WY မူးယစ်ဆေးဝါး လက်ခံရောင်းချနေတဲ့ အမျိုးသားကို ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်သူ့လုံခြုံ‌ရေးအဖွဲ့က အမှုတွဲတည်ဆောက်ပြီး ကသာမြို့နယ် တရားရေးဌာနကို တင်ပြကာ တရားစီရင်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ပြည်သူ့လုံခြုံရေးအဖွဲ့တွေမှာ CDM ပြုလုပ်တဲ့ ရဲတပ်သားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ကသာခရိုင်မှာ တရားရေးရာဌာနကို မြို့နယ်တိုင်းမှာ ဖွဲ့စည်းထားပြီး NUG ရဲ့ မူဝါဒအတိုင်း ဆောင်ရွက်နေပြီလို့ ကသာ ပကဖတာဝန်ခံက ပြောပါတယ်။

“တရားစီရင်ရေးက ခရိုင်နယ်လို့တော့ မဟုတ်ဘူး၊ တမြို့နယ်ကို တရားသူကြီးငါးဦးနဲ့ ဖွဲ့စည်းထားတာရှိတယ်။ တရားသူကြီးငါးဦးနဲ့ ဖွဲ့စည်းထားပြီးတော့ အမှုတွေကို သုံးပါးဒိုင်အနေနဲ့ စစ်ဆေးပြီးတော့ ပြစ်မှု၊ ပြစ်ဒဏ်ပေးဖို့ စီမံထားတာရှိတယ်။ NUG ရဲ့ လမ်းညွှန်ချက်နဲ့အညီ ဖွဲ့စည်းထားတယ်။ အဲ့လမ်းကြောင်းအတိုင်းပဲ ဆက်လက် ဆောင်ရွက်နေတယ်။”

ကသာမြို့နယ်မှာ မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးရမှုဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ် ဖမ်းဆီးရမှုမှာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီက မဘိန်းမြို့နယ်နဲ့ ကသာမြို့နယ်အစပ် အင်းကြီးမှာ ဘိန်းဖြူ ၁၇ အိတ်၊ WY စာတန်းပါ မူးယစ်ဆေးဝါး ၆ အိတ်၊ ကာလတန်ဖိုး သိန်းပေါင်းနှစ်သောင်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ်။

လက်ရှိအချိန် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကယ်ရေးတပ်ဖွဲ့တွေ နေ့စဥ် ထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013