DVB Logo
Home
မြန်မာသတင်း
နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်သို့ပို့သည့်အပေါ် NLD ကန့်ကွက်ရှုတ်ချ
DVB
·
June 27, 2022
နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်သို့ပို့သည့်အပေါ် NLD ကန့်ကွက်ရှုတ်ချ
Donate to DVB

နိုင်ငံခေါင်းဆောင်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်သို့ ပြောင်းရွေ့လိုက်တဲ့လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်းနဲ့ အသက်အန္တရာယ် တစုံတရာသက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးလိုက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က ဇွန် ၂၇  ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်အတွင်းသို့ စစ်‌ကောင်စီက ပို့ဆောင်လိုက်တာဟာ မြန်မာ့သမိုင်းတွင်သာမက နိုင်ငံတကာမျက်နှာစာမှာ အမည်းစက်စွန်းထင်စေမယ့် ဖြစ်ရပ်တခုအဖြစ် ထပ်မံကျူးလွန်လိုက်တာလို့လည်းဆိုပါတယ်။

မည်သည့်ပြစ်မှုတစုံတရာမျှ ကျူးလွန်ခြင်းမရှိတဲ့ လူထုခေါင်းဆောင်ကို စစ်ကောင်စီက မတရားတဲ့ ဥပဒေပုဒ်မ အမျိုးမျိုးတပ်တရားစွဲထားပြီး  မတရားတဲ့ ဥပဒေတွေကို ရင်ဆိုင်နေရတဲ့ အသက် ၇၇ နှစ်ကျော်  နိုင်ငံခေါင်းဆောင်ကို အခုလိုအချုပ်ထောင်တခုအတွင်း ပြောင်းရွေ့လိုက်တဲ့ မတရားလုပ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာရှုတ်ချကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တခြားအကျဉ်းထောင်တွေနည်းတူ နေပြည်တော်အချုပ်ထောင်မှာ သောက်သုံးရေသန့်ရှင်းမှု မရှိခြင်း၊ မှက်၊ ခြင်၊ ယင်ပေါများခြင်း၊ မိလ္လာကိစ္စအခက်တွေ့နိုင်ခြင်း၊ လေကောင်း‌‌လေသန့်မရရှိခြင်း၊ နေ့စဉ် ကျန်းမာရေးစောင့်ရှောက်ပေးရန်လိုအပ်ခြင်း၊ အစားအသောက်ထားသိုရန်မရှိခြင်း၊ လတ်ဆတ်သန့်ရှင်းတဲ့ အစားအသောက် ကျွေးမွေးမှုမရရှိခြင်း စတာတွေအပြင် သီးသန့်နေရာတခုမှာထားရှိလို့ အရေးပေါ် ကျန်းမာရေးကိစ္စတွေ ပေါ်ပေါက်ပါက အချိန်မီကုသဖို့ ခက်ခဲလို့ လူထုရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တစ်ဦးအပေါ် အသက်အန္တရာယ် တစုံတရာသက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးထားတာတာလို့ အန်အယ်လ်ဒီပါတီက သုံးသပ်ဖော်ပြထားပါတယ်။

ပြည်သူလူထုယုံကြည်အားကိုးတဲ့ ခေါင်းဆောင်ဖြစ်လို့လည်းကောင်း၊ နိုင်ငံတကာမှ လေးစားချစ်ခင်တဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ လည်းကောင်း၊ တိုင်းပြည်အကျိုးကိုရှေ့ရှုတဲ့ ခေါင်းဆောင်ကောင်းဖြစ်တာနဲ့အညီ အမှီအခိုနဲ့ နေထိုင်သင့်တဲ့ အသက်အရွယ်သို့ရောက်ရှိနေတဲ့ လူထုခေါင်းဆောင်ကို အချုပ်ထောင်မှာ ရင်ဆိုင်ကြုံ‌တွေ့ နေရမယ့် ဆုတ်ယုတ်‌ဆိုးဝါး‌ တအခြေအနေတွေကနေ အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်မြောက်စေရေး အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ မိတ်ဖက်သံတမန်တွေအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ပန်ကြား တောင်းဆိုထားပါတယ်။

နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့နေအိမ်ဆီ ပြန်လည်ပြောင်းရွှေ့ပေးဖို့  အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး  ပရတ်ဆာခွန်းက လည်း ဇွန် ၂၇ ရက်မှာ  စစ်ကောင်စီထံ ပန်ကြားချက်ပေးပို့ တောင်းဆိုထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်က နေပြည်တော်အချုပ် ထောင်၀င်းအတွင်းရှိ သီးသန့်အဆောက်အဦ တခုမှာ ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းမှန်ကန်ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၂၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆိုင်ရာတရားရုံးတွေက တရားစီရင်ပြီးဖြစ်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေတွေအရ ထောင်သို့ ပြောင်းရွှေ့လိုက်ပြီး ထောင်မှာ သီးခြားကောင်းမွန်စွာထားရှိတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013