DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ဆီပြန်ပြောင်းရွှေ့ရန် အာဆီယံ အထူးသံတမန် တောင်းဆို
DVB
·
June 27, 2022
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ဆီပြန်ပြောင်းရွှေ့ရန် အာဆီယံ အထူးသံတမန် တောင်းဆို
Donate to DVB

နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့နေအိမ်ဆီ ပြန်လည်ပြောင်းရွှေ့ပေးဖို့  အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်က စစ်ကောင်စီထံ တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်မှာ အကျဉ်းချလိုက်တာနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်တွေကိုယ်စား လက်ရှိအာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားရဲ့ မြန်မာ့အရေးအထူးသံတမန်ဖြစ်သူ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး  ပရတ်ဆာခွန်းက ဇွန် ၂၇ ရက်မှာ  စစ်ကောင်စီထံ ပန်ကြားချက်ပေးပို့ တောင်းဆိုလိုက်တာပါ။

မိတ်ဘက်အာဆီယံနိုင်ငံတွေအားလုံးရဲ့ အလေးအနက် သဘောထားဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ အရင်ထိန်းသိမ်းထားရာနေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးဖို့ပန်ကြားချက်မှာ ဖော်ပြပါတယ်။

နိုင်ငံပုံမှန်ပြန်လည်ပတ်နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာဖော်ဆောင်နိုင်မယ့်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကသာမကဘဲ မြန်မာနိုင်ငံမှလူအများစုကပါ လက်ခံယုံကြည်ကြတာကြောင့် ဒီသဘောထားတွေဟာ အာဆီယံတစ်ဖွဲ့တည်းရဲ့ သဘောထားဆိုတာထက် ပိုပြီးကျယ်ပြန့်တယ်လို့ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် ပရတ်ဆာခွန်းက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဆီ ပေးပို့လိုက်တဲ့စာမှာ ရေးသားထားပါတယ်။

“အာဆီယံဥက္ကဋ္ဌရဲ့  မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်တစ်ဦးအနေနဲ့ မိတ်ဘက်အာဆီယံနိုင်ငံတွေရဲ့ သဘောထားအတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို ထောက်ထားညှာတာစွာဖြင့် မူလထိန်းသိမ်းထားရာနေအိမ်သို့ ပြန်လည်ပြောင်းရွှေ့ပေးပါရန်နဲ့ တရားမျှတတဲ့ ဥပဒေစည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်ရန် ထပ်မံတိုက်တွန်းလိုပါတယ်။”လို့ စာမှာ ရေးသားထားပါတယ်။

သဘောထားမတူတဲ့ ပါတီတစ်ခုကို နိုင်ငံရေးကနေပယ်ထားလိုက်ရုံနဲ့ ငြိမ်းချမ်းစွာအမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ အားလုံး တူညီတဲ့သ ဘောထားရှိကြတာကြောင့် စစ်ကောင်စီအနေနဲ့ အားလုံးပါဝင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို အချိန်မဆိုင်းဖော်ဆောင်ဖို့ အာဆီယံမိတ်ဘက် နိုင်ငံတွေအားလုံးက တိုက်တွန်းလိုက်ပါတယ်လို့လည်း သူ့ရဲ့စာမှာရေးသားထားပါတယ်။

ဘယ်လောက်ပင်ရှုပ်ထွေးသည်ဖြစ်စေ နိုင်ငံရေးပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးဟာ အားလုံး နိုင်ငံရေးနယ်ပယ်ထဲမှာ ပါဝင်နေဖို့လိုကြောင်းကိုလည်း အာဆီယံ အထူးသံတမန်ရဲ့ စာမှာ  ဖော်ပြထားပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ပရတ်ဆာခွန်းဟာ အခုလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ဖို့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့လည်း စစ်ကောင်စီထံ ထပ်မံတောင်းဆိုထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်က နေပြည်တော်အချုပ် ထောင်၀င်းအတွင်းရှိ သီးသန့်အဆောက်အဦ တခုမှာ ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းမှန်ကန်ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၂၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆိုင်ရာတရားရုံးတွေက တရားစီရင်ပြီးဖြစ်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေတွေအရ ထောင်သို့ ပြောင်းရွှေ့လိုက်ပြီး ထောင်မှာ သီးခြားကောင်းမွန်စွာထားရှိတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013