
ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောလူနာတွေ ပိုတိုးလာပြီး သက်ကြီး လူနာတယောက်လည်း သေဆုံးခဲ့ တာကြောင့် လမ်းဘေးဈေးဆိုင်တွေကို သက်ဆိုင်ရာက ပိတ်ဖို့ လိုက်လံကြေညာနေပြီး ဆေးရုံကြီးရဲ့ အရေးပေါ် လူနာဌာနကိုလည်း ယာယီပိတ်ထားပါတယ်။
ဩဂုတ် ၉ ရက်လောက်ကတည်းက ဝမ်းပျက်ဝမ်းလျှောလူနာတွေ ရန်ကုန်ဆေးရုံကြီးကို စတင် ရောက်ရှိလာခဲ့ပြီး လူနာတယောက်သေဆုံးကာ ဩဂုတ် ၁၂ ရက်မှာတော့ ဝမ်းပျက်ဝမ်းလျှော လူနာတွေ ပိုတိုးလာတာကြောင့် လမ်းဘေးဈေးဆိုင်တွေ အစားအသောက် ရောင်းချတာကို ပိတ်ဖို့ လိုက်လံကြေညာနေကြောင်း ကျောက်တံတားဒေသခံတယောက်က ပြောပါတယ်။
“ရန်ကုန်တိုင်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေတာကတော့ ၄၊ ၅ ရက်လောက်တော့ ရှိပြီပေါ့နော်။ ၁၃ ရက်နေ့ကစပြီးတော့ မရောင်းဖို့အတွက်ကို မြို့နယ်တွေမှာ လက်သုပ်စာတွေ၊ အရောင်းဆိုင်တွေပေါ့ လမ်းဘေးဆိုင်တွေ ရောင်းချတာကို တားမြစ်တယ်ဆိုပြီးတော့ ၁၂ ရက်နေ့ ညမှာ မြို့နယ်တွေမှာရှိတဲ့ ထွေအုပ်၊ ရဲနဲ့ စည်ပင်ပေါ့နော် တာဝန်ရှိတဲ့သူတွေကနေပြီးတော့ အသံချဲ့စက်တွေနဲ့ လိုက်အော်တာပေါ့။ ပိတ်ထားဖို့ပေါ့။ ခွင့်ပြုချက် တစုံတရာ ခွင့်မပြုခင် အချိန်ထိကို ရောင်းချခွင့် မပြုဖို့ပေါ့နော်။”
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဩဂုတ် ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ဝမ်းပျက်/ဝမ်းလျှော လူနာ ၂၈ ယောက် စတင်ရောက်ရှိခဲ့ပြီး ၁၁ ရက်မှာတော့ လူနာသစ် ၇၀ ထပ်မံရောက်ရှိခဲ့ကြောင်း သိရပါတယ်။
အဲဒီ ၁၁ ရက်နေ့မှာပဲ ဆေးရုံတက်လူနာ ၉၈ ယောက်ရှိခဲ့ပြီး ၈ ယောက်ကတော့ ဆေးရုံက ဆင်းခွင့်ရခဲ့ကာ အသက် ၉၂ အရွယ် သက်ကြီးလူနာ တယောက် သေဆုံးခဲ့ကြောင်း စစ်အာဏာရှင် လက်အောက်ခံ ရန်ကုန်တိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်၊
ဩဂုတ် ၁၂ ရက်မှာတော့ လူနာသစ် ၈၄ ယောက် ထပ်မံရောက်လာပြီး ပြင်းထန် ဝမ်းပျက်/ ဝမ်းလျှော ရောဂါပိုးတွေ့သူ ၅၄ ယောက်ရှိနေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြင်းထန် ဝမ်းပျက်/ဝမ်းလျှော ရောဂါပိုးရှိလူနာတွေ ပိုများလာကြောင့်လည်း ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ် ပြင်ပလူနာဌာနကို ကူးစက်မှု လျှော့ချဖို့အတွက် ယာယီပိတ်ထားကြောင်းကိုလည်း ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ကျ ဆရာဝန်တယောက်က ပြောပါတယ်။
“ဒီနေ့ကိုပဲ ဝမ်းရောဂါနဲ့ပတ်သက်ပြီးတော့ လူနာတွေလာကြတာများတယ်၊ ပရဟိတအသင်းတွေနဲ့ လာတာလည်းရှိတယ်၊ လူနာတင်ကားတွေနဲ့ကိုပဲ ရန်ကုန် ဆေးရုံကြီး သီးသန့်ဆောင်မှာလည်း ဒီဝမ်းရောဂါနဲ့ ပတ်သက်ပြီး လူနာတွေ ပြည့်နှက်နေတယ်။ နောက်ပြီးတော့ ထပ်မကူးစက်အောင်တော့ ပြင်ပလူနာဌာနကို တလလောက် ယာယီပိတ်ထား လိုက်မယ် ပြောတယ်၊ လူနာတွေ ကလည်း မနေ့ကထက်ကို ပိုပြီးတော့ ရောက်လာကြတာ များတယ်ပေါ့နော်။ လက်ရှိမှာတော့ သက်ဆိုင်ရာက ဝမ်းရောဂါအဖြစ်များတော့ လမ်းဘေးဆိုင်တွေ၊ လက်သုပ်ဆိုင်တွေ မရောင်းဖို့တော့ သက်ဆိုင်ရာဘက်က ညွှန်ကြားထားတာမို့လို့ လိုက်ပြီးအော်နေတာတော့ ရှိပါတယ်။”
လက်ရှိမှာ ရန်ကုန်ဆေးရုံကြီးမှာ အသင့်ချက်ပြုတ်ပြီး လာရောက်လှူဒါန်းတဲ့ အစားအစာလှူဒါန်းခွင့် ကိုလည်း ယာယီပိတ်ပင်ထားပါတယ်။
လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား စတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ် ၆ ခုမှာ ဝမ်းပျက်ဝမ်းလျှော လူနာတွေ များနေတာကြောင့် အဲဒီမြို့နယ်က ဈေးဆိုင်တွေကို အဓိကထားပြီး ၁၃ ရက်ကနေ နောက် ၃ ရက်ကနေ ၅ ရက်အတွင်း ဈေးရောင်းရတာတားမြစ်ထားကာ ရောဂါ အခြေအနေအပေါ်မူတည်ပြီး ပြန်လည်ရောင်းချခွင့်ကို ကြေညာပေးမယ်လို့ သိရပါတယ်။
ဝေဝေ











