DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများကို R2P အရကာကွယ်ပေးရန်နှင့် မြန်မာစပ်တပ်ကို ICC တရားရုံးတွင် အရေးယူရန် သံအမတ်ကြီးတောင်းဆို
DVB
·
June 25, 2022
မြန်မာပြည်သူများကို R2P အရကာကွယ်ပေးရန်နှင့် မြန်မာစပ်တပ်ကို ICC တရားရုံးတွင် အရေးယူရန် သံအမတ်ကြီးတောင်းဆို
Donate to DVB

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကာကွယ်မှုပေးရန် တာဝန်ရှိမှု (R2P) အရ မြန်မာပြည်သူတွေကို  ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့   မြန်မာစစ်တပ်ကျူးလွန်တဲ့ ပြစ်မှုတွေကို အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) သို့ လွှဲပြောင်းပေးဖို့  အရေးကြီးလိုအပ်နေပြီလို့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ကာကွယ်မှုပေးရန် တာဝန်ရှိမှု (Responsibility to Protect)နှင့် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ် ရာဇဝတ်မှု၊ လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲကို ဇွန်လ ၂၃ နဲ့  ၂၄ ရက်နေ့တွေက နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြား တောင်းဆိုလိုက်တာပါ။

လက်ရှိမြန်မာနိုင်ငံအခြေအနေဟာ ကာကွယ်မှုပေးရန် တာဝန်ရှိမှု (R2P)အား ကိုးကားချမှတ်ဖို့ လိုတဲ့ သတ်မှတ်အဆင့်နဲ့ ကိုက်ညီပြီး၊ ကာကွယ်မှုပေးရန် တာဝန်ရှိမှုရဲ့ တတိယကဏ္ဍမှာ ဖော်ပြတဲ့အတိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် ပြတ်သားညီညွတ်တဲ့ အရေးယူဆောင်ရွက်မှု ချမှတ်ဖို့တိုက်တွန်းကြောင်း ဒါဟာ မြန်မာပြည်သူတွေရဲ့ ထပ်တလဲလဲတောင်းဆိုချက် ဖြစ်ကြောင်း၊ မြန်မာပြည်သူတွေဟာ သူတို့ကို ကာကွယ်ပေးဖို့ R2P ဆိုင်းဘုတ်တွေကိုင်ပြီး ကျယ်လောင်စွာ တောင်းဆိုခဲ့ကြကြောင်း၊ ဝမ်းနည်းစရာမှာ အခုအချိန်အထိ ဒီတောင်းဆိုချက်ဟာ အရေးယူအလေးထားခြင်း မခံရတဲ့အတွက် မြန်မာပြည်တွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြတ်သားညီညွတ်တဲ့ အရေးယူဆောင်ရွက်မှုကိုရရှိဖို့ နောက်ထပ်အသက်တွေ ဘယ်လောက် ဆုံးရှုံးအနစ်နာခံရမလဲလို့ မေးခွန်းကိုသာ တစိုက်မတ်မတ် မေးခွန်းထုတ်နေကြတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ငြိမ်းချမ်းစွာ အဖြေရှာခြင်းနည်းလမ်းတွေ မလုံလောက်တော့တဲ့အချိန်နဲ့ ပြည်တွင်းအာဏာပိုင် တွေက ပြည်သူကို ကာကွယ်မှုပေးဖို့ သိသာထင်ရှားစွာ ပျက်ကွက်နေတဲ့အချိန်မှာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အန္တရာယ်ကျရောက်နေတဲ့ ပြည်သူတွေအတွက် အချိန်မီ၊ ပြတ်သားညီညွတ်စွာ အရေးယူဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ကာကွယ်မှုပေးရန် တာဝန်ရှိမှု (Responsibility to Protect)ဟာ လိုသလို အဓိပ္ပါယ် ကောက်ယူနိုင်တဲ့ မူဝါဒမဟုတ်ဘဲ ကာကွယ်တားဆီးခြင်းနဲ့ အရေးယူတုံ့ပြန်ခြင်းတို့ ပါဝင်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။၊ 

မြန်မာနိုင်ငံမှာ  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစတင်ပြီး အကြမ်းဖက်မှု၊ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ နေရပ်စွန့်ခွာမှုတို့နဲ့ ရင်ဆိုင်နေရပြီး  တရားမဝင် အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေအပေါ် ဘက်ပေါင်းစုံက စနစ်ကျကျ ဆိုးဝါးပြင်းထန်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားရဲ့ ကနဦးသုံးသပ်ချက်မှာ ဒီပြစ်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေမြောက်နိုင်တယ်လို့ ဖော်ပြထားသလို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာလည်း မြန်မာကလေးငယ်တွေအပေါ် စစ်တပ်ရဲ့ လူသားမဆန် ကျူးလွန်မှုတွေကို အရေးယူဆောင်ရွက်မှုပြုလုပ်ရန် တိုက်တွန်းထားတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်  ပြည်သူ  ၁ ဒသမ ၂ သန်း နေရပ်စွန်ခွာခဲ့ရကြောင်း၊  စစ်တပ်ရဲ့  ရက်စက်ယုတ်မာတဲ့  ဗီဇနဲ့  လုပ်ရပ်ကို RFA သတင်းဌာနက ရရှိတဲ့ စစ်သားတယောက်ရဲ့  လက်ကိုင်ဖုန်း ဗီဒီယိုမှတ်တမ်းက သက်သေပြနေတယ်လို့  သံအမတ်ကြီးကပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် မြန်မာ ပြည်သူတွေကို ကာကွယ်ဖို့တာဝန်ရှိကြောင်း၊ စစ်တပ်ရဲ့ ပြစ်ဒဏ်ကျသင့်မခံရခြင်းကို အဆုံးသတ်ပြီး သက်သေအထောက်အထားတွေနဲ့အညီ ကျူးလွန်တဲ့ပြစ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး ပြတ်သားညီညွတ်တဲ့  အရေးယူဆောင်ရွက်မှုကိုချမှတ်ဖို့ လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စကို  စစ်တပ်က ပိတ်ဆို့ထားတဲ့ ပြဿနာကို ကူညီဖြေရှင်းစေလိုကြောင်း၊  မြန်မာ ကလေးငယ် ၅ သန်း အပါအဝင် မြန်မာပြည်သူ ၁၄ ဒသမ ၄ သန်းဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီ အရေးပေါ်လိုအပ်နေကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ စစ်တပ်ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကနေ ပြည်သူတွေကို ကာကွယ်ပေးရန်ဆိုတဲ့ တာဝန်ရှိမှု၊ ကတိကဝတ်အတိုင်း အရေးယူဆောင်ရွက်ဖို့လည်း သံအမတ်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

သံအမတ်ကြီးရဲ့  ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီကတော့ အမြဲလိုလို ကန့်ကွက်ပယ်ချလေ့ရှိပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013