DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ် PDF က လက်နက် အလှူခံ
DVB
·
June 25, 2022
ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ် PDF က လက်နက် အလှူခံ
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ကိုယ်ထူကိုယ်ထ စတင်ခဲ့ပြီး ရှေ့တန်းကနေ ရပ်တည်ပါဝင်နေတဲ့ ဆားလင်းကြီး PDF တပ်ဖွဲ့က ခုခံတော်လှန်စစ်ဆင်နွှဲနိုင်ရေး လိုအပ်တဲ့ လက်နက်ရိက္ခာတွေကို ပါဝင်ကူညီလှူဒါန်းကြဖို့ အများပြည်သူကို နှိုးဆော်တိုက်တွန်းထားပါတယ်။

Salingyi Border Task Force ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက မိုးကြိုးပြင်(မြောက်)ကျေးရွာကို မီးရှို့ကာ လူသတ်မှုတွေ ကျူးလွန်သွားခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ လိုက်ခံပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ မှာလည်း ဦးဆောင်ပါဝင်ခဲ့ပြီး အခုအချိန်ထိ တပ်ဖွဲ့အနေနဲ့ လက်လုပ်လက်နက်တွေနဲ့သာ တိုက်ပွဲဝင်နေကြရတာမို့ လိုအပ်တဲ့ လက်နက်တွေကို အလှူခံနေတာလို့ ဆိုပါတယ်။

“ကျွန်ုပ်တို့ SBTF သည် ကိုယ်ထူကိုယ်ထ စတင်လာခဲ့ပြီး ပြည်သူတို့၏ တစ်ဖက်တစ်လမ်း ကူညီမှုများဖြင့် ရပ်တည်လာခဲ့သည်မှာ အချိန်ကာလကြာခဲ့ပြီဖြစ်ပါသည်။ ယခုအချိန်ထိ လက်လုပ် လုပ်နက်များဖြင့်သာ တိုက်ပွဲဝင်နေကြရခြင်းပင်ဖြစ်ပါသည်။ ထို့အပြင် ထောက်ပို့ကူညီမှုများကိုလည်း အလျင်းသင့်သလို လုပ်ဆောင်နေကြပါသည်။ ထောက်ပို့ /တိုက်ပွဲ သွားလာရေးနှင့် တိုက်ခိုက်ရေးတွက် လုံခြုံရေးအကာယူရန် ဂမ်းအစစ် တစ်လက်အနည်းဆုံးလည်း လိုအပ်ပါတယ်ခင်ဗျ။ကျွန်ုပ်တို့သည် တာဝေးပစ်လက်နက်ကြီးစိန်ပြောင်းများ အဓိကအားပြုလုပ်ဆောင်ရသည့်အတွက် စိန် ပြောင်း အဖူး ၆၀မမ ၈၀မမ များ ပြန်လည်ဖြည့်တင်းရန် လိုအပ်လျက်ရှိပါသည်။ စိန်ပြောင်းအဖူး တစ်ဖူးလျှင် (အစုံ)၅၀၀၀၀ ကျော်ကုန်ကျပါသည်။ ပွဲတစ်ပွဲထွက်လျှင် ဆီဖိုးအပါဝင် အနည်းဆုံး ၆ သိန်းကျော် ကုန်ကျလျက်ရှိနေပါသည်။ မိဘပြည်သူများအနေဖြင့် တတ်အားသမျှ ဝိုင်းဝန်းကူညီ လှူဒါန်းပေးကြပါရန် ငြိုးငယ်စွာမေတ္တာရပ်ခံအပ်ပါသည်ခင်ဗျ။”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့တွေအတွက် စက်ရုံထုတ်လက်နက် အနည်းဆုံး လိုအပ်ချက်ကို ရှာဖွေရရှိထားပြီဖြစ်ကာ ဝန်ကြီးဌာန အနေနဲ့ ဒီနေ့အထိ အမေရိကန်ဒေါ်လာ ၃၄ သန်းတိတိ ရရှိသုံးစွဲခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန သုံးစွဲခွင့်ရတဲ့ ငွေရဲ့ ၈၅ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်နိုင်ရေးအတွက် သုံးစွဲခဲ့တယ်လို့ ပြောထားပါတယ်။

NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီး ဖြစ် တယ်လို့ ပြောထားပေမယ့် မြေပြင်ဒေသတွင်း အခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်ထောက်ပံ့မှုတွေကတော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လက်နက်အင်အားနဲ့ စစ်ရေးခေါင်းဆောင်တွေ လိုအပ်နေတာကြောင့် NUG အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုနေကြ တာတွေလည်း ရှိနေပြီး အဆိုပါ ဒေသတွေအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်ကာ ဒေသခံပြည်သူတွေရဲ့ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေအပါအဝင် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကိုလည်း ကျူးလွန်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူ တွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013