DVB Logo
Home
မြန်မာသတင်း
တရုတ်အကျိုးစီးပွားကာကွယ်ရန် စစ်ကောင်စီတပ်က ဆားလင်းကြီး ကျေးရွာများကို မီးရှို့၊ လူသတ်၊ ဖမ်းဆီးမှုများကျူးလွန်နေ
DVB
·
June 25, 2022
တရုတ်အကျိုးစီးပွားကာကွယ်ရန် စစ်ကောင်စီတပ်က ဆားလင်းကြီး ကျေးရွာများကို မီးရှို့၊ လူသတ်၊ ဖမ်းဆီးမှုများကျူးလွန်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတယောက် သေဆုံးပြီး တချို့ဒဏ်ရာရခဲ့ကာ ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ရှိ  ဝမ်ပေါင်တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ အကျိုးတူလုပ်ဆောင်နေတဲ့ ကြေးနီစီမံကိန်းကို ဇွန် ၂‌၁ ရက်မှာ ဒေသခံ PDF တွေက  လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဆားလင်းကြီးမြို့ မြို့မရဲစခန်းကိုလည်း ဇွန် ၂၃ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံခဲ့ရပြီးနောက် အခုလို စစ်တပ်က ရွာဝင်မီးရှို့ ဖမ်းဆီးသတ်ဖြတ်မှုတွေ အပြင်းအထန် ဆောင်ရွက်လာတာဖြစ်ပါတယ်။

ဆားလင်းကြီးမြို့နယ် တောကျောင်းကျေးရွာနဲ့ ရွာသစ်ကျေးရွာတို့ကို  ဇွန် ၂၅ ရက် မနက် ၆ နာရီလောက်က စတင်မီးရှို့နေတာဖြစ်ပြီး မီးလောင်ဆုံးရှုံးမှုပမာဏကိုတော့ အတိအကျမသိရသေးသလို ဒေသခံပြည်သူတွေလည်း ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဇွန် ၂၃ ရက်ကလည်း ဒေသခံပြည်သူ ၄၀ လောက်ကို ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ပြီး တုံကျေးရွာ၊ အလယ်တောရွာ၊ ထန်းတောကြီးရွာ၊ ရွာသစ်ရွာ၊ အလယ်တောရွာ၊ တောကျောင်းရွာ စတဲ့ကျေးရွာတွေအတွင်းကို စစ်ကြောင်းထိုး မွှေနှောက်နေတာဖြစ်ပြီး ပြည်သူလူထုပိုင်ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးထားတဲ့ ဓားစာခံ ပြည်သူတချို့ကို ဇွန် ၂၄ ရက်က ပြန်လွှတ်ပေးခဲ့တာရှိခဲ့ပြီး ဆက်လက်ဖမ်းဆီးထားတဲ့ လူငယ်တချို့လည်းရှိနေကြောင်း၊ ​ဖမ်းဆီးခံခဲ့ရတဲ့ တုံကျေးရွာသား ကိုပေါက်စကိုတော့ နေရာမှာတင် စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး ဇွဲနေဇကိုတော့ ကြိုးတဲ့တုပ်ခေါ်ဆောင်သွား ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန် ၂၃ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အလယ်တောရွာက ပြည်သူ တယောက် သေဆုံးခဲ့ရသလို သေဆုံးရုပ်အလောင်းကို လက်ရှိအချိန်ထိ သင်္ဂြိုဟ်ခွင့်မရသေးဘဲ လမ်းမပေါ်မှာပဲ ရှိနေသေးကြောင်းနဲ့ လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တဲ့ တုံကျေးရွာက ဦးဆန်းလင်းကိုတော့ စစ်ကောင်စီတပ်ဖွဲ့က သယ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လက်ပံတောင်းတောင်အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေကို အဖွဲ့တွေခွဲကာ စစ်ကြောင်းထိုးလှုပ်ရှားနေတာဖြစ်ပြီး အရင်ရက်ပိုင်းတွေကလည်း ကျေးရွာတချို့မှာ ပြည်သူတွေရဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တာ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ၊ ဒေသခံပြည်သူတွေရဲ့ပစ္စည်းတွေ မွှေနှောက်ယူဆောင်သွားတဲ့အပြင် လယ်တီကျေးရွာနဲ့ ဇီးတောကျေးရွာကိုလည်း ဒီနေ့မနက်ပိုင်းက ဝင်ရောက်မွှေနှောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရွာစဥ်ထိုးသွားလာလှုပ်ရှားသွားလာမှုကြောင့် တုံရွာမ၊ အလယ်တောရွာ၊ ထန်းတောကြီးရွာ၊ ရွာသစ်ရွာ ၊တောကျောင်းရွာ၊လက်ပံတောင်းရွာ၊ ရွာသစ်ကလေးရွာ၊ ၀ဲကြီးရွာ၊ ၀ဲခွဲရွာ၊  မိုးကြိုးပြင်ရွာ၊ ကျောက်ဖြူတိုင်ရွာဟောင်း၊ ဆည်တည်းရွာဟောင်း စတဲ့ကျေးရွာနေပြည်တွေဟာ နေအိမ်တွေမှာမနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013