Home
မြန်မာသတင်း
စစ်တွေတွင် အစစ်အဆေးများနေသဖြင့် မောင်တော-အငူမှော် ယာဥ်လိုင်းအချို့ရပ်နား
DVB
·
June 24, 2022
Maung Daw - A Ngu Maw
Maung Daw - A Ngu Maw 1

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးတယောက်နဲ့  တပ်သားတယောက် ဇွန် ၂၃ ရက် နေ့လယ် ၂ နာရီလောက်က ဖမ်းဆီးခံရပြီးနောက် စစ်တွေမှာ လုံခြုံရေး တင်းကျပ်စစ်ဆေးမှုတွေပိုမိုပြုလုပ်နေပြီး မောင်တော-အငူမှော် ယာဥ်လိုင်းတချို့ ရပ်နားထားရတယ်လို့ ကားသမားတွေက ပြောပါတယ်။

မောင်တောမှ အငူမော်ပြေးဆွဲနေတဲ့ ကားလိုင်းပိုင်ရှင်တဦးက “ကျနော်တို့ကားတွေ ဒီနေ့လည်း မထွက်ခဲ့ဘူး။ မနက်ဖြန်လည်း ထွက်မှာမဟုတ်ဘူး။ ထွက်တဲ့သူတွေတော့ရှိတယ်။ စစ်တွေဘက်မှာ စစ်ဆေးမှုတွေများနေတော့ ခရီးအသွားအလာတွေ နည်းသွားတယ်။ ဘယ်သူမှ ခရီးမသွားရဲကြတော့ဘူး” လို့ ပြောပါတယ်။

ဇွန် ၂၃ ရက်က စစ်တွေမြို့ရှိ ၃၅၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးအဆင့်ရှိသူတဦးနဲ့ စစ်ကောင်စီတပ်သားတဦးကို ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်တွေက ရွှေမင်းကံရပ်ကွက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီပတ်ဝန်းကျင်အနီးမှာ စစ်ဆေးဖမ်းဆီးနေပြီး ရပ်ကွက်တချို့မှာ မြို့ခံ ၂၀ ကျော်လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း စစ်တွေဒေသခံတွေက ပြောပါတယ်။

“ဖမ်းဆီးနေတာကတော့ မသင်္ကာရင် ကားပေါ်ဆွဲတင်ပြီး ဖမ်းနေကြတာ။ ၂၀ ထက်တောင် များနိုင်တယ်။ အတိအကျ ဘယ်သိနိုင်ပါ့မလဲ။ ဘယ်သူမှ အပြင်မထွက်ရဲကြတော့ဘူး။ မြို့တွင်းထက် မြို့ပြင်က ကားအသွားအလာတွေကို စစ်ဆေးတာများနေတယ်။ စစ်ကားတွေကတော့ နေရာတိုင်းကို လှည့်ပတ်ပြီး စောင့်ကြည့်စစ်ဆေးနေတာတွေ ရှိနေတယ်။”

လက်ရှိ စစ်တွေမြို့မှ မြို့နယ်အသီးသီးကို ပြေးဆွဲနေတဲ့ ရွှေပြည်တန်ရေကြောင်းလိုင်း အပါအဝင် ရေကြောင်းလိုင်းခရီးစဉ်တချို့ကို ဒီနေ့ ဇွန် ၂၄ ရက်ကစတင်ပြီး စစ်ကောင်စီက သွားလာခွင့် ပိတ်ပင်ထားပြီး မောင်တော-ဘူးသီးတောင်ဘက်ကို သွားလာတဲ့ ခရီးသည် နည်းပါးသွားတာကြောင့် ကားလိုင်းတွေ ရပ်နားထားရတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024