
မက်ဆင်ဂျာကနေ ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တော့ ‘ဆာဝါဒီစကတ်’လို့ နှုတ်ဆက်တဲ့ ဘကြီးရဲ့ ရယ်ကျဲကျဲအသံ ထွက်ပေါ်လာတယ်။
ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့ ပြောင်မြောက်လှတဲ့ ဆာဝါဒီစကတ်၊ ကမ္ဘာအနှံ့က မြန်မာတွေရဲ့ကြားသောက်သောက်လဲ အောင်မြင်လွန်းနေတာကြောင့် မြန်မာနိုင်ငံ တောမြို့လေးက အသက် ၈၀ ကျော်ပြီ ဖြစ်တဲ့ ဘကြီးရဲ့ နားထဲထိတောင် ရောက်ရှိသွားတာ ဘယ်ဆန်းမလဲ။
“သမ္မတရူးတာကလည်း ပြာလို့၊ ဉာဏ်ရည်ဉာဏ်သွေးကျတော့လည်း ဘယ်ထောင့်က ကြည့်ကြည့် မူလတန်းကလေးအဆင့်ကနေ တက်မလာဘူး”လို့ ဘကြီးက ပြောတော့ ကျနော်တို့ တူဝရီး ရယ်ကြရပြန်တယ်။
“ဒီကောင် ထိုင်းရောက်ကတည်းက ဘကြီးတို့အုပ်စု စောင့်ရယ်နေရတာ။ လူကို တော်တော်လန်းသွားတယ်”လို့ ဘကြီးက ဆက်ပြောတယ်။
ကျနော်တို့ တောမြို့လေးက ဘကြီးရဲ့ ခြံဝင်းကျယ်ကြီးဟာ သူတို့ အသက် ၇၀ နဲ့အထက် စိတ်တူကိုယ်တူတွေ ဖွင့်လှစ်ထားတဲ့ သူပုန်ဌာနချုပ်။ အဲဒီဌာနချုပ်ထဲမှာ တော်လှန်ရေးအတွက် အလှူအတန်းကိစ္စတွေ၊ သတင်းဖလှယ်တာတွေ၊ အခုလို မင်းအောင်လှိုင် အတင်း ဟာသတွေနဲ့ ဖွယ်ဖွယ်ရာရာ။ ဘကြီးက မြို့မိမြို့ဖ လူကြီးလူကောင်းတယောက်ပေမဲ့ မင်းအောင်လှိုင်နဲ့ ပတ်သက်ရင်တော့ စိတ်လိုက်မာန်ပါ၊ နောင်ဘဝ ရောက်တောင် မကျေဘူး ဆိုတဲ့ အစားထဲက။
“ပြောပြန်ရင်လည်း မကြည်လို့ နှိမ်တယ် ဖြစ်ဦးမယ်။ စဉ်းစားကြည့်ကွာ၊ ကလေးတောင် မမှားတဲ့ ဆာဝါဒီခပ်ကို ဒီကောင်က မှားဖြစ်အောင် မှားသေးတယ်။ ပန်းကုံးပေးတော့လည်း ကလပ်ပါ ယူတယ်။ ဝိုင်ခွက် ကိုင်တော့လည်း ချက်အရက်လောက်ပဲ သောက်ဖူးမှန်း သိသာတယ်”တဲ့။
အမုန်းကြီးမုန်းနေတဲ့ မြန်မာပြည်သူတွေက မင်းအောင်လှိုင်ရဲ့ စီးရီးလိုက် တလွဲတချော်တွေကို နှိမ်လိုက်ကြတာမှ လူမှုကွန်ရက်တခွင် သောသောကိုညံလို့။ ဒါပေမဲ့ အာဏာရှင်အသိုက်အမြုံရဲ့ ထုံးစံအတိုင်း ဒီလို အမှားမျိုးနဲ့ ပြည်သူတွေရဲ့ကြား ဟာသကို မင်းအောင်လှိုင် သိအောင် ဘယ်သူကမှလည်း ပြောမပြရဲ။ မင်းအောင်လှိုင် မမြင်အောင် ဖုံးကြ ဖိကြမဲ့ တပည့်ကျော်တွေက ပတ်လည်ဝိုင်းနေတာမို့ မင်းအောင်လှိုင် သိဖို့ရာ မဖြစ်နိုင်။
မင်းအောင်လှိုင် အသေအချာ သိနေမှာကတော့ ကော်ဇောနီခင်းကာ တခမ်းတနား ကြိုဆိုတဲ့ ထိုင်းဝန်ကြီးချုပ် အနုတင်ရဲ့ ဝေဖြာနေတဲ့ စေတနာကြီးမှုတွေ။ ထိုင်းဝန်ကြီးချုပ်ရဲ့ ခမ်းနားလှတဲ့ ကြိုဆိုမှုက မင်းအောင်လှိုင်ကို ဖိတ်ရကောင်းလားဆိုပြီး အပြင်းအထန် ကန့်ကွက်နေတဲ့ ထိုင်း ပြည်တွင်း၊ ပြည်ပက အသံတွေကို တမင်တကာပဲ ရွဲ့စောင်းပြလိုက်တာ များလားလို့ ထင်မှတ်မှားချင်စရာ။
ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖုန်ကက်ကောင်က မင်းအောင်လှိုင်ကို ဖိတ်ကြားမှုဟာ အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်မှုကို တရားဝင် အသိအမှတ်ပြုမှု အပ်နှင်းလိုက်တာ မဟုတ်ဘူးလို့ လေပြေထိုးပေမဲ့ မင်းအောင်လှိုင် ရှာနေတဲ့ တရားဝင်မှုကို အလိုက်သိခြင်းကြီးစွာနဲ့ ပေးအပ်ခဲ့တာ သိပ်ရှင်းလွန်းလှတယ်။ ဒါ့အပြင် အာဆီယံအသင်းကြီးက မည်သို့ပင် သဘောထားစေကာမူ ထိုင်းနိုင်ငံကတော့ အိမ်နီးချင်းကောင်းပီသစွာနဲ့ အာဏာသိမ်း အစိုးရတုကို တရားဝင်အသိအမှတ်ပြုကြောင်း လက်တွေ့ သက်သေပြလိုက်ခြင်းလည်း ဖြစ်တယ်။
ဘာကြောင့် ပြင်းထန်တဲ့ ကန့်ကွက်မှုတွေကို ဥပေက္ခာပြုကာ ရာဇဝတ်ကောင်ကို သမ္မတအဖြစ် အသိအမှတ်ပြု ဖိတ်ခေါ်ရတာပါလဲ။ ထိုင်းဝန်ကြီးချုပ် အနုတင်ဟာ အောင်မြင်တဲ့ စီးပွားရေးသမား တယောက်လည်း ဖြစ်တာကြောင့် စီးပွားရေးသမားတို့ရဲ့ ထုံးစံအတိုင်း ကျင့်ဝတ်သိက္ခာထက် အကျိုးအမြတ်ကိစ္စကို အဓိကထား စဉ်းစားတာကြောင့်လို့ ထင်တယ်။
ပြီးတော့ စွန့်စွန့်စားစား လုပ်ပြလိုမှုနဲ့ စိတ်ကြီးဝင်မှုကလည်း မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖို့ အရေးကြီးတဲ့ တွန်းအားတွေလို့ ထင်ရတယ်။ မင်းအောင်လှိုင်ကို ဖိတ်ခေါ်၊ မင်းအောင်လှိုင် အကြိုက် တခမ်းတနားကြိုဆိုကာ တရားဝင်မှုပေးပြီး မင်းအောင်လှိုင်ကို ကျောသပ်ရင်သပ် နားချလို့ ရမယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင် စိတ်ကူးတွေ တသသယဉ်ကာ စိတ်ကြီးဝင်ခဲ့ပုံပါ။
အဲဒါကြောင့်လည်း မင်းအောင်လှိုင် ထိုင်းမလာမီ ဩဂုတ် ၆ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ အထူးသံတမန် တွေ့ဆုံခွင့်ရနိုင်မယ်လို့ မျှော်လင့်ကြောင်း နှပ်ကြောင်းပေးခဲ့တာလို့ နားလည်ရတယ်။
မင်းအောင်လှိုင်ကို စစ်ရာဇဝတ်ကောင်မှန်း သိပြီး မင်းအောင်လှိုင်ကို စိတ်ကူးယဉ်လို့ မရဘူးဆိုတာလည်း အသေအချာသိတဲ့ ပြည်သူ့ပါတီအမတ် အနူဆွမ် သွမ်ချိုင်ကတော့ ဩဂုတ် ၇ ရက်၊ ထိုင်းလွှတ်တော်ထဲ ရောက်လာတဲ့ မင်းအောင်လှိုင်ကို မင်းအောင်လှိုင်အနီးမှာပဲ ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်လို့ အော်ဟစ်ဆန္ဒပြခဲ့တယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ကလည်း မင်းအောင်လှိုင် ဘန်ကောက် ရောက်နေတဲ့ ဩဂုတ် ၇ ရက်မှာ ကြေညာချက်ထုတ်ပြန်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ သတိပေးလိုက်တယ်။
အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်ထဲမှာ ဩဂုတ် ၃ ရက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံခွင့်ပြုတဲ့အပေါ် ကြိုဆိုလိုက်ပြီး ဒါဟာ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကောင်းမွန်တဲ့ ခြေလှမ်းတရပ်လို့ ဆိုလိုက်ပါတယ်။ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု၊ ရှေ့နေ၊ ဆရာဝန်တွေနဲ့ ပုံမှန်တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ကြောင်းနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးအတွက် အာဆီယံ အထူးသံတမန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်လိုက်တယ်။
အာဆီယံဥက္ကဋ္ဌရဲ့ အဲဒီထုတ်ပြန်ချက်ဟာ အာဆီယံအနေနဲ့ မင်းအောင်လှိုင်ကို တရားဝင်မှုပေးဖို့ ပရိုမိုးရှင်း လုပ်နေတဲ့ ထိုင်းဝန်ကြီးချုပ်ကိုပါ သတိပေးလိုက်တဲ့ သဘောပါပဲ။
မင်းအောင်လှိုင် နေပြည်တော် ပြန်ရောက်ပြီး နောက်တရက်၊ ဩဂုတ် ၈ ရက် ညမှာ အစိုးရတု နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်ကို ပြတ်သားစွာ ကန့်ကွက်ခဲ့တယ်။ အစိုးရတုရဲ့ ထုတ်ပြန်ချက်က အာဆီယံဥက္ကဋ္ဌရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးအပေါ် မဖြစ်နိုင်ဘူးလို့ အပြတ်ငြင်းတယ်။
ဒါ့အပြင် အစိုးရတုက မြန်မာနိုင်ငံကို ရွေးကောက်ပွဲကတဆင့် ပေါ်ထွက်လာတဲ့ အစိုးရအဖွဲ့က တာဝန်ယူနေပြီ ဖြစ်လို့ အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်သစ် ခန့်အပ်ရေးနဲ့ အထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍ ဆက်မလိုတော့ဘူးလို့လည်း ထုတ်ပြန်တယ်။ ဒါဟာ ဇူလိုင် ၃၁ ရက်၊ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ပြည့် စစ်အာဏာရှင်ဩဇာခံ လွှတ်တော်မိန့်ခွန်းထဲမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အတိအလင်း ပယ်ချခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် ထပ်လောင်းပယ်ချကာ အာဆီယံကို စစ်မျက်နှာဖွင့် တိုက်လိုက်ခြင်း ဖြစ်တယ်။
ပြောရရင် အစိုးရတုရဲ့ တုံ့ပြန်ချက်က အာဆီယံအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ရုပ်သိမ်းကာ ခြွင်းချက်မရှိ တရားဝင်မှုပေးဖို့ တောင်းဆိုလိုက်ခြင်းပါပဲ။
ထိုင်းဝန်ကြီးချုပ် အနုတင်အနေနဲ့ မင်းအောင်လှိုင်အပေါ် စိတ်ကူးယဉ်နေတာတွေ ရပ်ဖို့ အကောင်းဆုံးသက်သေပါပဲ။
ဝန်ကြီးချုပ် အနုတင် ဘယ်လိုတွေ ဆင်ခြေဆင်လက်ပေးပြီး မင်းအောင်လှိုင်ကို ဈေးဗန်းခင်းဦးမလဲ ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရပါမယ်။










