DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဈေးကွက်စီးပွားရေးစနစ်အား ဖျက်ဆီးနေဟု စီးပွားရေးသုတေသီများ သုံးသပ်
DVB
·
June 24, 2022
စစ်ကောင်စီက ဈေးကွက်စီးပွားရေးစနစ်အား ဖျက်ဆီးနေဟု စီးပွားရေးသုတေသီများ သုံးသပ်
Donate to DVB

အာဏာသိမ်း စစ်ကောင်စီက ကုန်သွယ်မှုပိုငွေ ရရှိအောင် ဆောင်ရွက်နိုင်တယ်လို့ ပြောဆိုနေပေမယ့် အမှန်က ဈေးကွက်စီးပွားရေးစနစ်ကို ဖျက်ဆီးပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်ဆီ လှမ်းနေတာလို့ စီးပွားရေးသုတေသီတွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီခေါင်းဆောင်က ကုန်သွယ်မှုနဲ့ပတ်သတ်ပြီး သွင်းကုန်တွေအပေါ် ကန့်သတ်ခဲ့တာကြောင့် (အာဏာသိမ်းခဲ့တဲ့) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစပြီး ၂၀၂၂ ခုနှစ် မေလအထိ မြန်မာနဲ့အခြားနိုင်ငံတွေအကြား ကုန်သွယ်မှုမှာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ သန်း ၁၁၄၀ ရရှိထားတယ်လို့ ဇွန် ၁၇ နေ့ရက်မှာ ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ လက်တွေ့ မြေပြင်အခြေအနေမှာတော့ သွင်းကုန်တွေအပေါ် ကန့်သတ်မှုတွေ များလာတဲ့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေဟာ အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီအခြေအနေအပေါ် စီးပွားရေးပညာရှင်တဦးက “အခုဆိုရင် သွင်းကုန်သမားတွေကို ပါမစ်လိုင်စင် မချပေးလို့  အော်နေကြတဲ့သူတွေ အများကြီးပဲလေ။ သူတို့ ပြောတော့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမယ်။ ဒါပေမဲ့ သူတို့ လုပ်နေတာက ဈေးကွက်စီးပွားရေးစနစ်မှ မဟုတ်တာ။ ဈေးကွက်စီးပွားရေးစနစ်ဆိုတာ ဝယ်လိုအားနဲ့ ရောင်းလိုအားအပေါ်မှာ မူတည်တယ်။ ပုဂ္ဂလိက ဆိုတာက ဝယ်မယ့်သူရှိရင် သွင်းမှာပဲ။ တကယ်လို့ စီးပွားရေးအရ တွက်ခြေမကိုက်ရင် မသွင်းဘူးပေါ့။ ဒါက ဈေးကွက်စီးပွားရေးစနစ်ပုံစံနဲ့ သွားတာ။ အဲဒီအပေါ်မှာ သူတို့က လိုင်စင်ချမပေးဘူး၊ ဟိုဟာ မသွင်းရဘူး၊ ဒီဟာ မသွင်းရဘူး ဆိုပြီး လုပ်လာရင် ဒါဟာ အစိုးရက ဝင်ရောက်စွက်ဖက်မှု လုပ်လာတာ။ ဒါဆိုရင် ဈေးကွက်စီးပွားရေးစနစ်ပုံစံ မဟုတ်တော့ဘဲ၊ သူတို့ ထိန်းချုပ်တဲ့ စီးပွားရေးစနစ်ပုံစံ ဖြစ်နေပြီ။ တနည်းအားဖြင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ပေါ့။ တိုင်းပြည်ရဲ့စီးပွားရေးကို နိုင်ငံတော်က ချုပ်ကိုင်ထားတာလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အခုလို ထိန်းချုပ်ကန့်သတ်မှုတွေက မှောင်ခိုဈေးကွက် ကြီးထွားအောင် ဖန်တီးပေးနေသလို ဖြစ်တာကြောင့် စာသုံးသူသာ နစ်နာဆုံးရှုံးရဖို့ ရှိပါတယ်။

စီးပွားရေးမူဝါဒရေးရာ သုတေသီတဦးက “ကန့်သတ်မှုတွေ များလာရင် ဘာဖြစ်လာနိုင်လဲဆိုတော့ ပြည်တွင်းမှာ ပစ္စည်းပြတ်လပ်မှုတွေ ရှိလာတာနဲ့ မှောင်ခိုဈေးကွက်က ပေါ်လာမှာလေ။ ကုန်သည် ဆိုတာမျိုးက ဒီနည်းနဲ့ မရရင် တခြားနည်းနဲ့ လုပ်မှာပဲ။ မြန်မာပြည်မှာ မှောင်ခိုစီးပွားရေးက အကြီးအကျယ် ရှိခဲ့တာနော်။ မှောင်ခိုဈေးကွက်ပေါ်လာရင် ဈေးနှုန်းအမှန် မရတော့ဘူး။ မှောင်ခိုရဲ့ သဘောတရားအရ ပါဝင်ပတ်သက်တဲ့သူတွေနဲ့ လာဘ်ပေးလာဘ်ယူ လုပ်လာမယ်။ ဆိုတော့ ကုန်ကျစရိတ်တွေ တက်လာမယ်။ အဲဒီကုန်ကျစရိတ်တွေကို လုပ်ငန်းရှင်က ခံမှာ မဟုတ်ဘူး။ စားသုံးသူက ခံရမှာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

နောက်ဆက်တွဲဆိုးကျိုးကတော့ မှောင်ခိုလမ်းကြောင်းကတဆင့် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေမှာ အရည်အသွေးပိုင်းဆိုင်ရာ အာမခံချက် မရှိတာကြောင့် စားသုံးသူက ဒီဒဏ်ကို ထပ်ဆင့်ခံရမယ့် အခြေအနေပါ။ ဒါကြောင့် အုပ်ချုပ်တဲ့ အစိုးရတရပ်ရဲ့ တာဝန်က အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေ ဝင်မလာအောင် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပေးဖို့ လိုတဲ့အပြင် ဈေးနှုန်းမှန်ကန်အောင် စောင့်ကြည့်ရမယ့် တာဝန်ကလွဲလို့ ဈေးကွက်ပျက်ပြားအောင် ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ဖို့ လိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာမှာ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး တိုးတက်၊ ဆုတ်ယုတ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေကို ကမ္ဘာ့ဘဏ်က မခန့်မှန်းနိုင်တဲ့အတွက် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အစီရင်ခံစာမှာ မြန်မာနိုင်ငံအား ကွက်လပ်ထားပြီး ချန်လှပ်ထားပါတယ်။

ကမ္ဘာ့ဘဏ်က ထုတ်ဝေတဲ့ ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအစီရင်ခံစာကို နှစ်စဉ် ဇွန်လမှာ ထုတ်ပြန်လေ့ရှိပါတယ်။ အခု ထုတ်ပြန်တဲ့အစီရင်ခံစာမှာ နိုင်ငံပေါင်း ၁၅၀ ကျော်ရဲ့ စီးပွားရေးအခြေအနေအပေါ် ခန့်မှန်းတွက်ချက်ထားပေမယ့် မြန်မာနိုင်ငံနဲ့စပ်လျဉ်းပြီး ခန့်မှန်း တွက်ချက်နိုင်မှု မရှိတာကြောင့် ကွက်လပ်ထားပြီး ချန်လှပ်ထားခဲ့ရတာပါ။

အခုလို ချန်လှပ်ထားရတဲ့အကြောင်းရင်းက အာဏာရှင်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်တွေဆီမှ အချက်အလက်တွေဟာ ယုံကြည်စိတ်ချရမှု မရှိတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေက မခန့်မှန်းနိုင်တော့တဲ့အတွက် ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံနည်းတူ အာဖကန်နစ္စတန်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်နဲ့ လက်ဘနွန် နိုင်ငံတို့ရဲ့ စီးပွားရေးအခြေအနေအား ကမ္ဘာ့ဘဏ်က ထည့်သွင်းမတွက်ချက်ဘဲ ချန်လှပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ၆ လအကြာ ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ဒီနောက် ယခုနှစ် အစောပိုင်းထုတ်ပြန်ချက်မှာတော့ မြန်မာ့စီးပွားရေးဟာ ၁ ရာခိုင်နှုန်းသာ တိုးတက်ဖို့ရှိပြီး အလွန်စိုးရိမ်စရာ အခြေအနေမှာလည်း ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်မှ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယန်ရှာမန်က ပြောဆိုထားပါတယ်။

“ပဋိပက္ခတွေ လတ်တလောမှာ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမတချက်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်က စိုးရိမ်စရာရှိပြီး စီးပွားရေးလုပ်ငန်းတွေအပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိလာနိုင်တယ်။” 

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၂ ခုနှစ်ထုတ် အစီရင်ခံစာပါ ဖော်ပြချက်အရ အာဆီယံဒေသတွင်းနိုင်ငံတွေမှာ ကမ္ဘောဒီးယားက ၄ ဒသမ ၅ ရာခိုင်နှုန်း၊ လာအိုက ၃ ဒသမ ၈၊ ထိုင်းက ၂ ဒသမ ၉၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့က ၅ ရာခိုင်နှုန်းအထက် တိုးတက်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013