DVB Logo
Home
မြန်မာသတင်း
PDF များ တိုက်ခိုက်ပါက သံတောင်မြို့တွင်းကို ပစ်ခတ်မည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်
DVB
·
June 23, 2022
PDF များ တိုက်ခိုက်ပါက သံတောင်မြို့တွင်းကို ပစ်ခတ်မည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်
Donate to DVB

ကရင်ပြည်နယ်၊ သံတောင်မြို့၊ ပေလေဝေ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ ဇွန် ၂၂ ရက် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ဘာသာရေးခေါင်းဆောင်တွေနဲ့ ရပ်မိရပ်ဖတွေကို ခေါ်ယူပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF တပ်ဖွဲ့တွေက ထပ်မံတိုက်ခိုက်ခဲ့ရင် သံတောင်မြို့တွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်မယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

သံတောင်မြို့အခြေစိုက် စစ်ကောင်စီတပ်တွေ နေ့စဉ်လိုလို PDF တပ်ဖွဲ့တွေရဲ့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် သေဆုံးဒဏ်ရာရရှိသူတွေ များပြားလာတာကြောင့် PDF မိသားစုဝင်တွေအနေနဲ့ ထိန်းသိမ်းတားဆီးဖို့နဲ့ နောင်ဖြစ်လာမယ့် အခြေအနေ ဆိုးကျိုးတွေကို ရှင်းပြပြောဆိုပေးဖို့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ရပ်မိရပ်ဖတွေကို ခေါ်ယူပြီး ခြိမ်းခြောက်ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

သံတောင်မြို့ ဘာသာရေးခေါင်းဆောင်တဦးက “ဖြစ်လာမယ်ဆိုရင် ဒီလိုမျိုးပြောလာမယ် လုပ်လာမယ်ဆိုတာ ကြိုတင်တော့ သိထားပြီးသားပါ။ အမြဲတမ်းလိုလိုပဲ၊ အခုမှမဟုတ်ပါဘူး။ ကျနော်တို့ဒေသက လုံခြုံမှုကတော့ တဖြည်းဖြည်း အားနည်းလာတယ်” လို့ ပြောပါတယ်။

တဖက်အဖွဲ့အစည်းတွေကို မလုပ်ပါနဲ့လို့ ပြောလို့မရသလို နားထောင်မှာမဟုတ်လို့ ဒေသခံတွေမှာ တာဝန်မရှိသလို ဖြစ်လာခဲ့ရင် ဒေသခံတွေကို ပစ်မှတ်ထားပြီး တွေ့ဆုံပြောဆိုနေတာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ဘာသာရေးခေါင်းဆောင်တဦးက ဆိုပါတယ်။

အဆိုပါအစည်းအဝေးပြုလုပ်ရာ ပေလေဝေ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးရယူထားပြီးမှ အစည်းအဝေး ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

၂ဝ၂၁ ခုနှစ် ကုန်ခါနီးလောက်က သံတောင်-ဘောဂလိမြို့သွား ကားလမ်းမှာ စစ်ကောင်စီတပ်တွေ မကြာခဏ စောင့်ပစ်ခတ်ခံရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေကြောင့် စစ်ကောင်စီရဲ့ ၁၆ မိုင်တပ်စခန်းက အရာရှိတဦးနဲ့ တပ်ဖွဲ့ဝင်တွေက ဥသျှစ်ကုန်း၊ ချောင်းနှစ်ခွ၊ မိုင် ၂၀၊ သစ်စေးတောင် ကျေးရွာတွေက ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို အခုလို သတိပေးခြိမ်းခြောက်ပြီး ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာ၊ တိုက်ပွဲဖြစ်ပွားတာ၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နောက်ပိုင်း အနီးပတ်ဝန်းကျင် ကျေးရွာတွေနဲ့ ဥယျာဉ်ခြံတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ အင်အားဖြည့်တင်းပြီး စစ်‌ရေးလှုပ်ရှားသွားလာတာတွေ ပြုလုပ်လေ့ရှိတဲ့အတွက် အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးမေးမြန်း သတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးမှာကို ဒေသခံတွေဟာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၀ ရက် မနက် ၁၀ နာရီလောက်က သံတောင်မြို့ စာတိုက်ရုံးလမ်းဆုံမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ခရီးသွားပြည်သူတွေကို တားဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီ တပ်ကြပ်ကြီးတဦး စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးခဲ့ပါတယ်။

ဇွန် ၇ ရက် မနက် ၈ နာရီလောက်က သံတောင်မြို့နယ် စစ်ကောင်စီရဲ့ ၁၃ မိုင်တပ်စခန်းအတွင်းမှ အရာရှိတဦး စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးခဲ့ပါတယ်။

အလားတူ မေ ၅ ရက် မနက် ၈ နာရီလောက်ကလည်း သံတောင်မြို့ရဲစခန်းက ရဲတပ်ကြပ် စိုးဝင်းထိုက်နဲ့ ရဲတပ်သားတဦး အရပ်ဝတ် ဝတ်ဆင်ပြီး ဆိုင်ကယ်နဲ့ သံတောင်မြို့ဝင်ဂိတ်အလာ စိုက်ပျိုးရေးတံတားထိပ်အရောက် သံတောင်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စောင့်ဆိုင်းပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးခဲ့ပါတယ်။

မတ် ၈ ရက် မနက် ၁၀ နာရီလောက်က သံတောင်ကြီးမြို့နယ် သောက်ရေခပ်ကျေးရွာနဲ့ သကွဲပလိုကျေးရွာအကြားမှာ စစ်ကောင်စီရဲ့ လစာနဲ့ ရိက္ခာပို့ကား ၅ စီးဟာ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ကဆောပလိုအောက်ကျေးရွာအတွင်း ဝင်ရောက်ပြီး ဒေသခံရွာသားတဦးကို ပစ်သတ်ခဲ့သလို ကက်သလစ်ဘုရားကျောင်းပိုင် ပစ္စည်းတွေနဲ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013