DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီး မြို့မရဲစခန်းနှင့် ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
DVB
·
June 23, 2022
ဆားလင်းကြီး မြို့မရဲစခန်းနှင့် ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့ မြို့မရဲစခန်းကို ဇွန် ၂၃ ရက် မနက် ၂ နာရီကျော်လောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ မြို့ပေါ်နေသူတွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ ဆာလင်းကြီးမြို့ပေါ်နေ ပြည်သူတဦးက “မနက်အစောပိုင်းကြီး တအုန်းအုန်းနဲ့ ပစ်နေကြတာ။ အလုံးအရေအတွက်ကတော့  အတော်လေးကိုများတယ်။ အထိအခိုက်တွေတော့ ရှိနိုင်တယ်ဗျ။ ညကြီးဆိုတော့ သွားလည်း မကြည့်ရဲဘူးဗျ။ သွားကြည့်ရင်း ကိုယ်ပါ အဖမ်းခံရမှာလည်း ကြောက်ရသေးတယ်” လို့ ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်တာဟာ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ တွေ့ရာသင်္ချိုင်းဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဟုတ်ကဲ့၊ ဆားလင်းကြီးမြို့မရဲစခန်းကို ကျနော်တို့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့က ၁၂၀ မမ လက်နက်ကြီးနဲ့ ၁၁ လုံး ပစ်ခတ်ခဲ့တာဗျ။ စခန်းခေါင်မိုးပေါ်ကျကာ စခ ၅ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာများ ရရှိတယ်လို ကျနော်တို့ ကနဦးသတင်းရထားပါတယ်။ အဲဒီပစ်ခတ်တာကို ကျနော်တို့ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ (၂)၊ တပ်ခွဲ (၄) တို့နဲ့ ပူးပေါင်းတိုက်ခဲ့တယ်။ ကျနော်တို့ဘက်က အကျဆုံးရှိလားဆိုတော့ အကျအဆုံး အထိအခိုက် လုံးဝမရှိခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်အနီးက ကျေးရွာတွေကို ဇွန် ၂၀ ရက်နေ့က စတင်ပြီး အင်အား ၈၀ နီးပါးလောက်နဲ့ စစ်ကြောင်းထိုး ရှာဖွေကာ မိုးကြိုးပြင်(မြောက်) ရွာက နေအိမ်အလုံး ၃၀ ကို မီးရှို့ခဲ့ပြီး ရွာသားနှစ်ဦးကိုလည်း သတ်ဖြတ်တာတွေ ပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၂၂ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် မြန်မာ ဝမ်ပေါင် ကုမ္ပဏီအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေ ၂ ကြိမ် တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာ ဝမ်ပေါင် လုပ်ကွက်အတွင်း အခြေစိုက်စခန်းအဖြစ်ယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မနက် ၆ နာရီလောက် တကြိမ်နဲ့ ည ၉ နာရီလောက်တကြိမ် တိုက်ခိုက်ခဲ့တာလို့ အမိမြေ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဝဏ္ဏက ပြောပါတယ်။

မနက်ပိုင်း ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ၇ လုံးက စစ်ကောင်စီအခြေစိုက်စခန်းတွေဆီ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ညပိုင်းတိုက်ခိုက်မှုကတော့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီရဲ့ အစွန်ဖျားတတနေရာမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို ရိုင်ဖယ်လက်နက်တွေနဲ့ အနီးကပ်သွားရောက်ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ၂ ကြိမ်လုံးမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပေမယ့် အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

မြန်မာ ဝမ်ပေါင် ကုမ္ပဏီအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အခြေစိုက်စခန်းအဖြစ် အသုံးပြုခွင့်ပေးနေသလို စစ်ကောင်စီတပ်ဖွဲ့အတွက် လက်နက်ခဲယမ်းထုတ်လုပ်မှုတွေမှာလည်း အထောက်အပံ့ပေးနေတာတွေကြောင့် အခုလို တိုက်ခိုက်ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကုမ္ပဏီအနီးပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

မြန်မာ ဝမ်ပေါင် ကုမ္ပဏီဟာ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတခုဖြစ်ပြီး စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ အကျိုးတူစီးပွားရေးလုပ်ကိုင်နေကာ လက်ပံတောင်းတောင်က ကြေးနီကို အဓိကထုတ်ယူနေတာလည်း ဖြစ်ပါတယ်။

ဆားလင်းကြီးမြို့မရဲစခန်းနဲ့ ဝမ်ပေါင်ကုမ္ပဏီက တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ပက်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013