DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်တွင် တိုက်ပွဲ ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်၌ စစ်ရေးတင်းမာနေ
DVB
·
June 22, 2022
ကရင်နီပြည်နယ်တွင် တိုက်ပွဲ ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်၌ စစ်ရေးတင်းမာနေ
Donate to DVB

ကရင်နီပြည်နယ်မှာ ဇွန်လအတွင်း ထိတွေ့တိုက်ပွဲ ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်သား ၄၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ KNDF က ပြောပါတယ်။ 

စစ်ကောင်စီက ကရင်နီပြည်နယ်မှာလည်း အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေပြီး ဇွန်လ ၁ ရက်နေ့ကနေ ဇွန်လ ၁၅ ရက်နေ့အထိ နေ့တိုင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး စုစုပေါင်းတိုက်ပွဲ ၃၀ ဝန်းကျင်ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ပြောပါတယ်။ 

ဇွန် ၁၅ ရက်​နေ့က ဖရူဆိုမြို့နယ် ​ဒေါ​ညေးခူ​ကျေးရွာ ကက်သလစ်ဘုရားရှိခိုး​ကျောင်း၊ ဘုန်း​တော်ကြီး ​နေအိမ်နဲ့ ဓမ္မာရုံတွေကိုပါ စစ်ကောင်စီက အကြမ်းဖက်မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ KNDF ရဲ့ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ၁၅ ရက်အတွင်း စစ်သား ၄၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ တွေ့ဆုံစကားပြောတယ်ဆိုတာက အဓိကက တော်လှန်ရေးအင်အားစုတွေကို အင်အားချည့်နဲ့သွားအောင် ခွဲတာမျိုးပါ။ ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ခန့်မှန်းခြေ သုံးဆယ်နီးပါးလောက် ရှိတယ်။ ဇွန်လ ၁ ရက်နေ့ကနေ ၁၅ ရက်‌နေ့အထိ တောက်လျှောက် တိုက်ပွဲတွေဖြစ်တယ်။ တနေ့တည်းမှာ တိုက်ပွဲ နှစ်ကြိမ်၊ သုံးကြိမ် ဖြစ်တဲ့နေရာတွေလည်း ရှိတယ်။ တနေ့လုံးနီးပါး ဖြစ်တဲ့နေရာတွေလည်း ရှိတယ်။ စစ်ကောင်စီဘက်က သေဆုံးနှုန်းက ဇွန်လအတွင်း အားလုံးပေါင်း ၄၈ ဦး မှတ်တမ်းတင်ထားပါတယ်။ ဒါပေမဲ့ အဲဒီထက်လည်း များနိုင်ပါတယ်”လို့ ပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဒေသနဲ့ ကရင်နီပြည်နယ်မှာ နေ့စဉ် တိုက်ပွားတွေ ဖြစ်ပွားနေပြီး ထိခိုက်သေဆုံး ဒဏ်ရာရသူတွေ ရှိနေပေမယ့် စာရင်းအတိအကျကိုတော ဒီဗွီဘီက အတည်မပြုနိုင်သေးပါဘူး။

ချင်းပြည်နယ်အတွင်းမှာတော့ စစ်ကောင်စီက မြို့တွေမှာ တပ်စွဲထားပေမယ့် CDF တွေက အချိန်မရွေး ဝင်သိမ်းနိုင်တဲ့ အခြေအနေရှိလာပြီလို့ မင်းတပ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။ 

CDF တွေက အရင်လို ခုခံစစ်ထက် ပြောက်ကျားထိုးစစ်တွေကို ဆက်တိုက်ပြုလုပ်လာတာကြောင့် စစ်ကောင်စီက ပြည်သူတွေရှိတဲ့ နေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ပြောက်ကျားတွေကို လူစုပြန်ခွဲနေတယ်လို့ ဆိုပါတယ်။ ဇွန်လအတွင်းမှာ မင်းတပ်၊ မတူပီ၊ ပလက်ဝမြို့နယ်တွေမှာ နေ့စဉ် စစ်ရေးတင်းမာနေပါတယ်။

မင်းတပ် ပအဖ တာဝန်ရှိသူ ကိုရောမန်က  “မြို့ကို ထိန်းထားပေမဲ့လည်း ပီဒီအက်ဖ်တွေက အချိန်မရွေး သွားတိုက်နိုင်တယ်။ လေး ငါး ဆယ်ယောက်အဖွဲ့နဲ့ ချောင်းမြောင်းတိုက်ခိုက်တာ မဟုတ်ဘဲ လေးဆယ်၊ ငါးဆယ်ကျော်လောက်နဲ့ သုံး လေးနေရာကို တပြိုင်တည်း တိုက်ခိုက်လာနိုင်တယ်။ ဒါကို တော်တော်လေးရှိန်သွားပုံရတယ်။ ဒါကြောင့် ပြည်သူတွေကို ပြန်နှိပ်စက်တယ်ဆိုတာ ကြွက်မနိုင်၊ ကျီမီးရှို့တဲ့နည်းသဘောမျိုးပေါ့။ ပီဒီအက်ဖ်တွေ လာတိုက်လို့ ဒီလိုဖြစ်တယ်ပေါ့။ ပြည်သူနဲ့ ပီဒီအက်ဖ်ကို ရန်တိုက်ပေးတဲ့သဘောပေါ့” လို့ ပြောပါတယ်။

တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ပုံမှန်သတင်းထုတ်ပြန်တာမျိုးမရှိဘဲ အကြမ်းဖက်မှုတွေကို PDF တွေကသာ ကျူးလွန်တာလို့ ပြန်လည်စွပ်စွဲလေ့ရှိပါတယ်။ 

စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာတွေ ရှိလာပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တာ၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လေးစားလိုက်နာမှုမရှိတာ၊ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို အကြမ်းဖက်ဖျက်ဆီးခဲ့တာ၊ ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးနှိပ်စက်တာ၊ နိုင်ငံ့ခေါင်းဆောင်တွေကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်တာ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဖောက်ဖျက်ပြီး တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်နေတာ စတဲ့အချက်တွေကြောင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကိုသွားဖို့ အချိန်နှောင်းခဲ့ပြီလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013