DVB Logo
Home
မြန်မာသတင်း
စုရွေးလွှတ်က မူဝါဒမဟုတ်၊ ဖက်ဒရယ်ပဋိညာဉ်အတိုင်း ဆက်သွားမည်ဟု NUG ပြော
DVB
·
June 22, 2022
စုရွေးလွှတ်က မူဝါဒမဟုတ်၊ ဖက်ဒရယ်ပဋိညာဉ်အတိုင်း ဆက်သွားမည်ဟု NUG ပြော
Donate to DVB

စုရွေးလွှတ် ဆိုတာ မူဝါဒတခုမဟုတ်ဘဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပေါ်လာတဲ့ တောင်းဆိုချက်တခုသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဇွန် ၂၁ ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဦးထင်လင်းအောင်က “စုရွေးလွှတ်ဆိုတာ မူဝါဒမဟုတ်ပါဘူး။ တောင်းဆိုချက်သာ ဖြစ်ပါတယ်။ ၂၀၀၈ ကို ပြန်အသက်သွင်းဖို့ မဖြစ်နိုင်တော့ဘူး။ တိုင်းရင်းသားတွေနဲ့ နှစ်ဖက် သဘောတူညီချက်တွေလည်းရှိ ထားပါတယ်။ ကျနော်တို့ အခြေခံဥပဒေအသစ်ကို ရေးဆွဲဖို့တောင် ပြင်ဆင်နေပါပြီ” လို့  ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ တရားဝင်ကိုယ်စားလှယ်တွေ မပါဝင်တော့ဘူးဆိုပြီး မေလကုန် ဇွန်လဆန်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

အဲဒီအခြေအနေမှာ တော်လှန်ရေးအင်အားစုတွေကြားထဲမှာ အငြင်းပွားစရာတွေ ဖြစ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ၊ NLD ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့တွေ မကြေလည်တဲ့ သတင်းတချို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်ခဲ့ပါတယ်။ တိုင်းရင်းသားတွေက ဖက်ဒရယ်မူအပေါ် အခြေခံနေပြီး NLD က စုရွေးလွှတ်အပေါ် ကိုင်စွဲထားတယ်ဆိုပြီး သဘောထားကွဲလွဲမှုတချို့ ရှိခဲ့တာပါ။

ဒီအခြေအနေတွေအတွက် NLD ကိုယ်စားပြုပြီး NUG မှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးနေဘုန်းလတ်က “အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ချမှတ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အတိုင်းဆက်သွားမယ်” လို့ ပြောပါတယ်။

NUCC မှာ NLD ကိုယ်စားလှယ်တွေ မပါဝင်တော့တာဟာ မူဝါဒရေးရာအရ အားနည်းချက်ကြောင့်လားဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ NLD အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

စုရွေးလွှတ်လမ်းကြောင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံအပေါ် တည်မှီနေသေးတဲ့သဘောမျိုး ဖြစ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ 

ဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်အတိုင်း ရှေ့ဆက်သွားမှာသာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

“အတိုင်ပင်ခံက ပြောထားတာရှိတယ်။ ပြည်သူကသာ အဓိကပေါ့။ ၂၀၀၈ က ပြည်သူက ပယ်ချပြီးသား ဖြစ်တယ်။ ပြည်သူ မရှိရင် NLD မရှိဘူး။ NUCC မရှိဘူး။ NUG မရှိဘူး။ ၂၀၀၈ ကို အသေကိုင်ထားတာ တပ်မတော်ဖြစ်တယ်။ ၂၀၀၈ ကို ဖျက်သိမ်းတာ ပြည်သူသာ ဖြစ်တယ်။ NLD၊ NUG၊ NUCC၊ CRPH ကတဆင့် ပယ်ဖျက်တာ ဖြစ်တယ်။ ပယ်ဖျက်ဖို့က ပြည်သူက ရွေးကောက်တင်မြှောက်တဲ့သူဖြစ်ဖို့ လိုတယ်။ တော်လှန်ရေးက ဆက်သွားမှာ ဖြစ်တယ်။ ဘယ်လောက်ပဲ ဆက်သွားတာ ဖြစ်ပါစေ၊ ၂၀၀၈ ဖွဲ့စည်းပုံက မရှိတော့ဘူး။ နောက်ပြန်လှည့်စရာ အကြောင်းလည်းမရှိဘူး။” 

တော်လှန်ရေးအင်အားစုတွေကြားထဲမှာ ဖြစ်ပေါ်နေတဲ့ သဘောထားကွဲလွဲမှုတွေဟာ ပြည်သူ့ဆန္ဒ သဘောထားအပေါ်မှာပဲ မူတည်ပြီး ပြည်သူကသာ ရွေးချယ်ရမယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။ NLD ပါတီဝင်တွေဟာ ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်မှုအတိုင်းသာ ရှေ့ဆက်သွားမယ်လို့ ဆိုပါတယ်။

“ပြည်သူ့ဆန္ဒကို လေးစားပါ။ ပြည်သူ့ဆန္ဒအတိုင်းပဲ ဆက်သွားမယ်လို့ ပြောချင်ပါတယ်” လို့ ဦးကျော်ဇော်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ NLD ထိပ်သီးခေါင်းဆောင်အားလုံးနီးပါးဟာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့အတွက် ပါတီကို ကိုယ်စားပြုပြီး မူဝါဒရေးရာအရ တာဝန်ခံ ပြောဆိုလုပ်ကိုင်နိုင်မယ့်သူ မရှိတဲ့အတွက် အခုလို သဘောထားကွဲလွဲမှုတွေ ဖြစ်လာတာလို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။

တဖက်ကကြည့်ရင်တော့ တော်လှန်ရေးကို အတိုင်းအတာတခု အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အချင်းချင်းကြားထဲမှာ ပြောဆိုညှိနှိုင်းဖို့ လိုအပ်တဲ့ အခြေအနေတွေ ဖြစ်လာတာလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ဓာတ်ပုံ- ဦးထင်လင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013