DVB Logo
Home
မြန်မာသတင်း
အကျဉ်းထောင်တွင်းဝင်ခွင့်ပြုရေးနှင့် အကျဉ်းသားမိသားစုများ ထောင်ဝင်စာတွေ့ခွင့်ရရေး ICRC တောင်းဆို
DVB
·
June 21, 2022
အကျဉ်းထောင်တွင်းဝင်ခွင့်ပြုရေးနှင့် အကျဉ်းသားမိသားစုများ ထောင်ဝင်စာတွေ့ခွင့်ရရေး ICRC တောင်းဆို
Donate to DVB

မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်တွေကို သွားရောက်လေ့လာသုံးသပ်တဲ့လုပ်ငန်းတွေ ပြန်လုပ်ခွင့်ပေးဖို့နဲ့ အကျဉ်းသားမိသားစုတွေ ထောင်ဝင်စာသွားရောက်တွေ့ဆုံခွင့်ကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC ) စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ICRC ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ခရစ်စတင်းချီပိုလာက ပြီးခဲ့တဲ့အပတ်အတွင်းမှာ မြန်မာနိုင်ငံကိုသွားရောက်ပြီး စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီးအပါအဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပြီး တောင်းဆိုခဲ့တာလို့ ဇွန် ၂၀ ရက်က ထုတ်ပြန်ပါတယ်။

ICRC ညွှန်ကြားရေးမှူး ခရစ်စတင်းချီပိုလာက “ ကိုဗစ်-၁၉ အခြေအနေ လတ်တလော တိုးတက်ပြောင်းလဲလာတာ၊ ဖမ်းဆီးထိန်းသိန်းခံထားရသူတွေနဲ့ ပတ်သက်ပြီး မိသားစုတွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ ပူဆွေးသောကတွေ ပိုမိုခံစားနေရတဲ့ အချိန်မျိုးမှာ အကျဉ်းထောင်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရ သွားရောက်လေ့လာမှုကို ပြန်လည်ဆောင်ရွက်ခွင့်ပြုဖို့ တောင်းဆိုခဲ့သလို မိသားစုဝင်တွေအနေနဲ့ အကျဉ်းကျနေတဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ဆက်သွယ်ခွင့် ရှိဖို့က အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့တယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။ 

အဆိုပါ နှစ်ချက်အပေါ် အကျဉ်းထောင်အာဏာပိုင်တွေနဲ့ သဘောတူညီမှု မရရှိသေးတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဖမ်းဆီးခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အထောက်အပံ့ဖြစ်စေတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမယ်လို့ ICRC ကဆိုပါတယ်။

ICRC အဖွဲ့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက မြန်မာပြည်တွင်းရှိ အကျဉ်းထောင်တွေကို သွားရောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသားတွေနဲ့တွေ့ဆုံမေးမြန်းကာ လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ခဲ့တာပါ။

ဒီလုပ်ငန်းတွေဆောင်ရွက်ခွင့်ကို ကိုဗစ်-၁၉ ရောဂါ စတင်ပျံ့နှံဖြစ်ပွားတဲ့ ၂၀၂၀ မတ်လကတည်းက ထောင်အာဏာပိုင်တွေက ဆိုင်းငံထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လုပ်ဆောင်ခွင့်မရသလို  အကျဉ်းသားမိသားစုတွေဟာလည်း ထောင်ဝင်စာတွေ့ခွင့်မရပဲ ဖြစ်နေကြတာပါ။

အခု စစ်ကောင်စီဝန်ကြီးတွေနဲ့ ICRC ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ခရစ်စတင်းချီပိုတို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ၂၀၂၁ ခုနှစ် ဇွန်လထဲမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီရဲ့ ဥက္ကဋ္ဌ ပီတာမော်ရေး လာရောက်ခဲ့တုန်းက တွေ့ဆုံဆွေးနွေးခဲ့တာတွေရဲ့ နောက်ဆက်တွဲ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့  ဆွေးနွေးတာလို့လည်း သိရပါတယ်။

ဇွန် ၁၅ ရက်မှ ၁၈ ရက်နေ့အထိ နေပြည်တော်ခရီးစဉ်မှာ ခရစ်စတင်းချီပိုလာက ပိုမိုဆိုးရွားလာနေတဲ့ မြန်မာပြည်အနှံ့က လက်နက်ကိုင်တိုက်ပွဲတွေ၊ တခြားလူမှုရေးအခြေအနေတွေအပြင် အရပ်သားတွေဘေးအန္တရာယ် ပိုမိုများပြားလာနေတဲ့အပေါ် အလေးအနက် စိုးရိမ်ပူပန်ကြောင်းပြောကြားခဲ့ပါတယ်။

ICRC ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပြီး အရေးပေါ်အကူအညီလိုအပ်နေတဲ့ သိန်းပေါင်းများစွာသောလူတွေဆီကို အကူအညီ ရောက်နိုင်ဖို့ ကန့်သတ်ချက်တွေရှိနေတဲ့ အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေတဲ့ဒေသတွေအပါအဝင် ကယား၊ ကရင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းဒေသတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ ခရစ်စတင်းချီပိုလာက စစ်ကောင်စီကို တောင်းဆိုခဲ့ပါတယ်။

ရခိုင်ဒေသမှာ ဆိုရင်လည်း ၁၈ လ ကျော်ကြာအောင် တိုက်ပွဲကြီးကြီးမားမားမရှိခဲ့တဲ့အပြင် ကိုဗစ်ကာကွယ်ရေး လုပ်ငန်းစဉ်တွေကိုလည်း စတင်ဖြေလျှော့နေပြီ ဖြစ်တာကြောင့် ၂၀၁၉ ခုနှစ် အစောပိုင်းမှာတည်းက ချမှတ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်တွေကို ပြန်လည်စိစစ် ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ ကျန်းမာရေး စောင့်ရှာက်မှုနဲ့ တခြားအခြေခံစောင့်ရှောက်မှုတွေမရရှိကြဘဲ စားစရာ၊ ရေနဲ့ နေစရာတွေကို အရေးပေါ်လိုအပ်နေတယ်၊ တိုက်ပွဲမှာပါဝင်တဲ့ အဖွဲ့တွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဘက်လိုက်ခြင်းမရှိဘဲ မြန်မြန်ဆန်ဆန် ပေးပို့နိုင်ရေး အတားအဆီးမရှိတဲ့ လမ်းကြောင်းတစ်ခုဖော်ဆောင်ပေးဖို့လိုတယ်၊ ICRC ဟာ အဖွဲ့အစည်းအားလုံးရဲ့ ယုံကြည်မှုကို အလေးထားပြီး လုံခြုံရေးအတွက် ခက်ခဲနေတဲ့ အခုလိုအခြေအနေမျိုးမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းအနည်းငယ်ထဲက တစ်ခုဖြစ်တာကြောင့် ပဋိပက္ခဖြစ်ပွားရာ နယ်မြေအသစ်တွေရော အဟောင်းတွေမှာပါရှိတဲ့ အကူအညီလိုအပ်နေသူတွေ အတွက်  ပိုမိုပြီးကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးလိုတယ်လို့  ခရစ်စတင်းချီပိုလာက ပြောပါတယ်။

ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရာမှာ နိုင်ငံတကာကြက်ခြေနီ ကော်မတီရဲ့ အပြန်အလှန်နားလည်သဘောတူရေးနဲ့ သတင်းမပေါက်ကြားရေးမူတို့ကိုလိုက်နာပြီး နိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေအပြင် လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း စစ်ကောင်စီနဲ့   ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ဟာ နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီလှုပ်ရှားမှုရဲ့ အခြေခံမူတွေဖြစ်တဲ့ ဘက်မလိုက်ရေး၊ ကြားနေရေးနဲ့ လွတ်လပ်ရေးတို့ကို လိုက်နာပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို  လေးစားလိုက်နာသွားမယ့်အကြောင်း အာမခံခဲ့တယ်လို့ ICRC ကထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013