DVB Logo
Home
မြန်မာသတင်း
ကရင်နီလူထုနှင့်အတူ နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ လက်တွဲဆောင်ရွက်သွားမည်ဟု NUG သဝဏ်လွှာပေးပို့
DVB
·
June 21, 2022
ကရင်နီလူထုနှင့်အတူ နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ လက်တွဲဆောင်ရွက်သွားမည်ဟု NUG သဝဏ်လွှာပေးပို့
Donate to DVB

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး နိုင်ငံရေးတန်းတူမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာမှာ ကရင်နီပြည်သူလူထုရဲ့ ကြိုးပမ်းအားထုတ်မှုတွေပြီးမြောက်အောင်မြင်စေဖို့နဲ့ ကရင်နီပြည်သူလူထုတရပ်လုံးနဲ့အတူ ခိုင်မာစွာရပ်တည်ကာ အခုဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး ပြီးမြောက်အောင်မြင်သည်အထိ လက်တွဲဆောင်ရွက်သွားမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က  သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

ဇွန် ၂၁ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၁၄၇ နှစ်မြောက် ကရင်နီအမျိုးသားနေ့အတွက် သဝဏ်လွှာပေးပို့လိုက်တာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ နေရာဒေသအသီးသီးမှာ ရောက်ရှိနေထိုင်နေကြတဲ့ ကရင်နီလူမျိုးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြစေဖို့လည်း ဆုတောင်းပေးထားတာပါ။

ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ တိုင်းပြည်ဖြစ်တာကြောင့် ကရင်နီပြည်ကို ဘယ်လိုနည်းနဲ့မှ အုပ်ချုပ်စိုးမိုးခြင်းပြုလုပ်ကြမယ်မဟုတ်ကြောင်း ဗမာဘုရင်ကိုယ်စား ကင်းဝန် မင်းကြီးဦးကောင်းနဲ့ အင်္ဂလိပ်ဘုရင်ခံချုပ်ကိုယ်စား ဆာဒေါ့ကလပ်ဖောဆစ်(သ်) တို့က ၁၈၇၅ ခုနှစ်၊ ဇွန် ၂၁ ရက်က လက်မှတ်ရေးထိုးပြီး နှစ်နိုင်ငံအကြား သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြကာ အဆိုပါနေ့ကို ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဥ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတဲ့ အချိန်က စတင်ကာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ကရင်နီအမျိုးသားတွေရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးခဲ့ရသလို လက်ရှိအချိန်မှာလည်း ကရင်နီပြည်သူလူထုများစွာဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေကြောင့် ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာခဲ့တဲ့ မြေယာ၊ အိုးအိမ်တွေကို စွန့်ခွာပြီး စစ်ဘေးရှောင်ဘဝနဲ့ ဒုက္ခဆင်းရဲမျိုးစုံ ခံစားနေကြရတာကို စာနာနားလည်ကြောင်းလည်း ဖော်ပြထားပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူမှုကို ပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ကာလဟာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သလို ဒီကာလတွေအတွင်း တောရောမြို့ပါမကျန် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲမှာတော့ ကရင်နီပြည်နယ်ဟာလည်း တခုအပါအဝင် ဖြစ်သလို စစ်ကောင်စီတပ်တွေက ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ဒေသခံတွေဟာ နေရပ်စွန့် ခွာ ထွက်ပြေးတိမ်းရှောင်ရတာတွေလည်း မြင့်တက်နေတဲ့ ဒေသ ဖြစ်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပေးပို့တဲ့ သဝဏ်လွှာထဲမှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားအာဏာလုယူတဲ့ ကြိုးပမ်းမှုကို ကရင်နီ ပြည်သူလူထုတရပ်လုံးက နည်းလမ်းပေါင်းစုံနဲ့ မဆုတ်မနစ်သော စွန့်လွတ်စွန့်စား၊ ဇွဲလုံ့လတွေနဲ့ ဆန့်ကျင်ခုခံ တော်လှန်နေကြတာကို တွေ့ရှိရတဲ့အတွက်လည်း များစွာ လေးစားဂုဏ်ယူတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013