DVB Logo
Home
မြန်မာသတင်း
NUGPay အာရှ၊ ဥရောပနှင့် အမေရိကဒေသ နိုင်ငံများတွင် စတင်အသုံးပြုနိုင်ပြီဟု ကြေညာ (ရုပ်သံ)
DVB
·
June 21, 2022
NUGPay အာရှ၊ ဥရောပနှင့် အမေရိကဒေသ နိုင်ငံများတွင် စတင်အသုံးပြုနိုင်ပြီဟု ကြေညာ (ရုပ်သံ)
Donate to DVB

NUGPay ငွေကြေးဝန်ဆောင်မှုကို ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေမှာ စတင်အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အသိပေးကြေညာလိုက်ပါတယ်။

NUGPay ဝန်ဆောင်မှုကို ပြည်တွင်း မြန်မာနိုင်ငံမှာသာမက ပြည်ပရောက်မြန်မာတွေ အများစုရှိတဲ့ ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ UK ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ စတင် အသုံးပြုနိုင်မှာဖြစ်ပြီး ဆက်လက်တိုးချဲ့သွားဖို့လည်းရှိတယ်လို့ NUG က ဆိုပါတယ်။

နည်းပညာကျွမ်းကျင်သူတဦးက “မိုဘိုင်းငွေကြေးတွေကို ထုတ်ဝေဖို့ဆိုရင် ဒေတာစင်တာတွေမှာ ဆာဗာတွေထားပြီးတော့ ကိုယ့် ဆော့ဝဲလ်နဲ့ ကိုယ် လည်ပတ်ကြတာပေါ့။ ဆိုတော့ အဲ့ဒီ့ ဆာဗာက သေချာပေါက် တခြားသော တိုင်းပြည်မှာ ရှိနေမှာပဲ။ ဒါက တပိုင်းပေါ့။ အဓိကကတော့ သူက သူရဲ့ အေဂျင့်နဲ့ သူ့ အက်ပလီကေးရှင်းနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ကြတဲ့ ပုံစံကဘဲ အရေးပါတာပါ။ ဥပမာ ထင်ရှားအောင် ပြောရရင် ဒီမှာသုံးနေတဲ့ Mobile Wallet တွေဟာ ဘဏ်တခုနဲ့ သဘောတူညီပြီး လုပ်ထားကြတာ။ ဆိုတော့ NUGPay ကလည်း သူတို့ရဲ့နောက်ကွယ်မှာ အဲ့ဒီ့လို ပုံစံမျိုးနဲ့ လုပ်ထားတာပေါ့။ အဲ့ဒီလိုအခြေအနေ ရှိမှာဘဲ လုပ်လို့ ရမှာလေ။ ဒီ NUGPay Mobile Wallet က တခြားနိုင်ငံတွေမှာတော့ ငွေပေးငွေယူနဲ့ပတ်သက်လို့ လုပ်ဆောင်ရတာ လွယ်ကူနိုင်ပါတယ်။ ပြည်တွင်းမှာတော့ လတ်တလောမှာ တိုက်ရိုက်ချည်း သုံးလို့ မရသေးရင်လည်း သွယ်ဝိုက်သောနည်းနဲ့ သုံးလို့ ရနိုင်ပါတယ်” လို့ ဒီဗွီဘီ ကို ပြောပါတယ်။

NUG အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်တဲ့ ဒစ်ဂျစ်တယ် မြန်မာကျပ် DMMK ဟာ တရားဝင် ငွေကြေးတခုနဲ့ ကျောထောက်နောက်ခံ ပြုထားပြီး blockchain နည်းပညာသုံး ဒစ်ဂျစ်တယ် ငွေကြေး တခုပါ။

ဒါကြောင့် DMMK ငွေကြေးဟာ NUG အစိုးရမှ အသိအမှတ်ပြုထားတဲ့ တရားဝင်ငွေကြေး ဖြစ်လို့ ပြည်သူတွေအနေဖြင့် မြန်မာကျပ်ငွေ သို့မဟုတ် DMMK အား အသုံးပြုနိုင်ပါတယ်။ ဒီ့အပြင် DMMK အနေနဲ့ ဈေးကွက်အတွင်းမှာ ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး CBDC ကဲ့သို့ တည်ရှိနေမှာ ဖြစ်တယ်လို့ NUG အစိုးရက ရှင်းလင်းထားပါတယ်။

DMMK ငွေကြေးစနစ်ဟာ လွတ်လပ်စွာ တည်ရှိမှု၊ အလွယ်တကူ ရရှိနိုင်မှု၊ တီထွင် ဆန်းသစ်မှုနှင့်လုံခြုံမှုစတဲ့ အခြေခံမှုတွေနဲ့ ဖန်တီးထားတဲ့အပြင် လက်ရှိ ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ ဘဏ္ဍာရေး အကျပ်အတည်း အပါအဝင် ကိုယ်ရေးအချက်အလက် လုံခြုံရေး၊ နည်းပညာ အသုံးစရိတ်နဲ့ စီးပွားရေး အခြေအနေတွေအပေါ် အကျိုးပြုဖို့ လေ့လာ ဆန်းစစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် DMMK ၏ ငွေကြေးယူနစ်ဟာ DMMK ၁ ကျပ်ဟာ မြန်မာငွေ ၁ ကျပ်နဲ့ တူညီစွာ တန်ဖိုးရှိမှာဖြစ်ပြီး အားသာချက်ကလည်း တခြားဒစ်ဂျစ်တယ်ငွေကြေးတွေဖြစ်တဲ့ Cryptocurrency ကဲ့သို့ ဈေးနှုန်း အတက်အကျ မရှိတဲ့အပြင် ပြည်တွင်း၊ ပြည်ပ အသုံးပြုနိုင်မှာပါ။

ပြည်သူတွေဟာ DMMK ငွေကြေးကို NUGPay မိုဘိုင်း ပိုက်ဆံအိတ် အနေနဲ့အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် လက်လီ အနေနဲ့ ရောင်းဝယ်ဖောက်ကားကြရာမှာ ငွေကြေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်လည်း စီစဉ်ထားပါတယ်။

ဒါကြောင့် DMMK ငွေကြေးစနစ်ကို ထုတ်ဝေထားတာဟာ မြန်မာပြည်သူတွေရဲ့ နေ့စဉ်ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေ၊ လက်လီငွေပေးချေမှု၊ လုံခြုံတဲ့ ငွေပေးချေမှုနဲ့ ခေတ်မီတဲ့ ဘဏ္ဍာရေးငွေပေးချေမှုတွေကို အကုန်အကျ သက်သာစွာနဲ့ ရရှိစေမှာ ဖြစ်တယ်လို့ NUG အစိုးရက ဆိုပါတယ်။

NUG အစိုးရက ဒစ်ဂျစ်တယ်ငွေကြေးအကောင်အထည်ဖော်မယ်လို့ တရားဝင်ကြေညာပြီးတဲ့နောက် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က တရားဝင်ခွင့်ပြုမထားတဲ့ Mobile Pay ၊ Mobile Wallet နဲ့ အွန်လိုင်း ငွေပေးချေမှုတွေကို တွေ့ရှိပါက ငွေရေး ကြေးရေးအဖွဲ့အစည်းဥပဒေအရ အရေးယူမယ်လို့ ပြောဆိုလာပါတယ်။

တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ Mobile Pay ၊ Mobile Wallet နဲ့ ငွေပေးချေမှု ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေဟာ ဗဟိုဘဏ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက် ရှိမနေတဲ့အတွက် ပြည်သူတွေ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်ကြောင်းနဲ့ ခွင့်ပြုချက် မရရှိထားဘဲ ဆောင်ရွက်နေတာကို တွေ့ရှိပါက ငွေရေးကြေးရေးအဖွဲ့အစည်း ဥပဒေပုဒ်မ ၁၇၂ အရ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ခံရမယ်လို့ ဗဟိုဘဏ်က ခြိမ်းခြောက်ထားပါတယ်။

မြန်မာပြည်မှာ လက်ရှိ အသုံးပြုနေတဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေက Wave Money ၊ M-Pitesan ၊ OK$ ၊ MytelPay နဲ့ MPT Pay တို့ကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ခွင့်ပြုပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013