DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်ဖြစ်ပေါ်လာရေး ဝိုင်းဝန်းကြိုးပမ်းရန် ကရင်နီအမျိုးသားနေ့တွင် တိုက်တွန်း
DVB
·
June 21, 2022
ကရင်နီပြည်ဖြစ်ပေါ်လာရေး ဝိုင်းဝန်းကြိုးပမ်းရန် ကရင်နီအမျိုးသားနေ့တွင် တိုက်တွန်း
1 / 4
Donate to DVB

အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့  ကရင်နီပြည်ဖြစ်ပေါ်လာရေး ကရင်နီအမျိုးသားတွေနဲ့ ပြည်သူလူထုတရပ်လုံး ကျရာအခန်းကဏ္ဍကနေ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က တိုက်တွန်း လိုက်ပါတယ်။

ဇွန် ၂၁ ရက် ဒီကနေ့ ကျရောက်တဲ့ ၁၄၇ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အတွက်ပေးပို့တဲ့ သဝဏ်လွှာမှာအခုလို တိုက်တွန်းလိုက်တာဖြစ်ပြီး ဒီကနေ့ ဖြစ်ပျက်ပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေအနေ၊ အချိန်ကာလမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့အတူ ကရင်နီအမျိုးသားတွေအကြား ဘုံသဘောထားရရှိပြီး အတူတကွစည်းလုံးစွာနဲ့ အကြမ်းဖက်စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အမြန်ဆုံးဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်းထည့်သွင်း ဖော်ပြထားပါတယ်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကလည်း  ဌာနေတိုင်းရင်းသားတွေ လူနည်းစု အခွင့်အရေးနဲ့ ကရင်နီပြည်သူအားလုံး တန်းတူအခွင့်အရေးနဲ့ အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ခွင့်ကို အနာဂတ်မှာ ပြဋ္ဌာန်းမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ တိကျစွာ ကာကွယ်ပြဋ္ဌာန်းရုံမက အမှန်တကယ် အကောင်အထည်ဖော်ဖို့ ဒီကနေ့ကျရောက်တဲ့ ၁၄၇ ကြိမ်‌မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းမှတ်သဝဏ်လွှာပေးပို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲဒီလိုအခွင့်အရေးတွေကို တားဆီးပိတ်ပင်နေတဲ့ အာဏာရှင်စနစ်ကိုလည်း အပြီးပြတ်တိုက်ပွဲ ဝင်မှာဖြစ်သလို၊ ရည်မှန်းချက်တူတဲ့ အင်အားစုတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ကျရောက်တဲ့ ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ကရင်နီပြည်နယ် ဒီးမော့ဆိုအရှေ့ခြမ်းက နေရာတနေရာမှာ ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ ကရင်နီပြည်သူ ၃၀၀၀ ကျော်ပါဝင်ဆင်နွှဲခဲ့ကြပြီး စစ်ရေးပြအခမ်းအနားတွေ၊ အဖွဲ့အစည်းအသီးသီးရဲ့ သဝဏ်လွှာဖတ်ကြားတာအပါအဝင် ခေါင်းဆောင်တွေက အားပေးစကား ပြောဆိုခဲ့ကြပါတယ်။

စစ်တပ်မတရားအာဏာသိမ်းယူတဲ့အချိန်ကစပြီး စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ပါဝင်ခဲ့ကြတဲ့ ကရင်နီအမျိုးသားတွေ၊ ကရင်နီလူငယ်အမျိုးသမီးတွေ၊ ဖိနှိပ်ခံဘဝတူ တိုင်းရင်းသားတို့နဲ့အတူ မလျှော့တဲ့ ဇွဲနဲ့ အမှန်တရားဘက်က ရပ်တည်ကာ ဒီကနေ့ထိ ဆက်လက်ပြီး တိုက်ပွဲဝင်နေမှုကို လေးစားအသိအမှတ်ပြုကြောင်း ကရင်နီအမျိုးသားနေ့အတွက် ပေးပို့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၁၄၇ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့မှာ စစ်အာဏာရှင်စနစ်နဲ့ အာဏရှင်စနစ်အားလုံး ချုပ်ငြိမ်းပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်တဲ့အထိ ကေအန်ယူကလည်း အတူတကွ ဆက်လက်လက်တွဲပြီး တိုက်ပွဲဝင်သွား မယ်လို့လည်း ကေအန်ယူရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒီနေ့ကာလ လူမျိုးပေါင်းစုံ မြန်မာပြည်တို့ရဲ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်စနစ် အမြစ်ဖြတ် သုတ်သင်ရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေး၊ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးစတဲ့ နိုင်ငံရေးတာဝန်တွေကို ကရင်နီအမျိုးသား ပြည်သူတို့အနေနဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်နေမှုအတွက် ဝမ်းမြောက်ဂုဏ်ယူ ကဗ္ပည်းတင်ကြောင်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း သဝဏ်လွှာပေးပို့ထားပါတယ်။

စစ်အာဏာရှင်ကျဆုံးရေးနဲ့ အာဏာရှင်စနစ်အပြီးတိုင် အမြစ်ပြတ်ချုပ်ငြိမ်းရေး အတွက် ကရင်နီပြည်နယ်ရဲ့ စည်းလုံးညီညွတ်မှုနဲ့ မဆုတ်မနစ်သော ဇွဲလုံ့လတို့ကို ပြသပြီး ကရင်နီပြည်နယ်အတွင်းရှိ ပြညသူလူထုတိုင်ဟာ မိမိတို့ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပေးကြဖို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက တိုက်တွန်းထားပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီအနေနဲ့ ပြည်သူလူထုတရပ်လုံးနဲ့အတူ စစ်အာဏာရှင်ကျဆုံးရေးနဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လူထုတော်လှန်ရေး ပါဝင်ဆင်နွှဲပြီး တိုင်းရင်းသားတန်းတူရေးကို အသွင်ဖော်ဆောင်နိုင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ကတိပြုကြောင်းလည်း KSCC ကရင်နီအမျိုးသားနေ့အတွက် ပေးပိုတဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

၁၈၇၅ ခု ဇွန်လ ၂၁ ရကမှာ ကရင်နီပြည်ကို သီးခြားလွတ်လပ်တဲ့တိုင်းပြည်အဖြစ် ဗြိတိသျှအစိုးရနဲ့ ဗမာဘုရင်တို့အကြား အသိအမှတ်ပြု စာချုပ်ချုပ်ဆိုခဲ့တဲ့နေ့ကို ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာတာ အခုဆိုရင် ၁၄၇ နှစ်ရှိပြီဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013