
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် အသက် ၆၃ နှစ် ဟာ ဩဂုတ် ၃၀ ရက်က ကွယ်လွန်သွားတယ်လို့ ပါတီဗဟိုဌာနချုပ်က ထုတ်ပြန်ပါတယ်။
နှလုံးရောဂါရှိတဲ့ ဦးအောင်ဆန်းမြင့်ဟာ ထိုင်းနိုင်ငံ ဆေးရုံတခုမှာ ဆေးဝါးကုသမှုခံယူနေစဉ် မနေ့ညနေ ထိုင်းစံတော်ချိန် ညနေ ၃ နာရီ ၁၃ မိနစ်အချိမှာ ကွယ်လွန်အနိစ္စရောက်သွားတာလို့ အသိပေးကြေညာထားပါတယ်။
တိုင်းရင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးအောင်ဆန်းမြင့်ဟာ တိုင်းရင်းသား လူမျိုးများကောင်စီ (Multi-Ethnic Councils)ရဲ့ ပေါင်းစပ်ညှိနှိုင်းပေးသူ တယောက်လည်း ဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တယောက်လည်း ဖြစ်ပါတယ်။
ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ရှေ့တန်းက ဦးဆောင်ပါဝင်ကြိုးပမ်းနေတဲ့ ကရင်နီ တိုင်းရင်းသားခေါင်းဆောင် ဦးအောင်ဆန်းမြင့် ကွယ်လွန်သွားတဲ့အပေါ် တိုင်းရင်းသား မဟာမိတ်တွေ၊ တော်လှန်ရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ သူ့ကို ချစ်ခင်လေးစားသူတွေက ကြီးမားတဲ့ ဆုံးရှုံးမှုအဖြစ် ဝမ်းနည်းကြေကွဲတဲ့အကြောင်း လူမှုကွန်ရက်တွေမှာ ရေးသားမျှဝေနေကြပါတယ်။
ဦးအောင်ဆန်းမြင့်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေး ချဉ်းကပ်မှု (bottom-up federalism Approach) ကို ဖော်ဆောင်နိုင်ဖို့ အရေးကြီးတဲ့ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့ပြီး ခက်ခဲကြမ်းတမ်းလှတဲ့ တော်လှန်ရေးခရီးမှာ ဦးအောင်ဆန်းမြင့်ရဲ့ ခေါင်းဆောင်မှု၊ ဦးဆောင်မှုနဲ့ ကိုယ်ကျိုးစွန့်ဆောင်ရွက်ပေးမှုတို့ကို သာဓကတွေအဖြစ် ဆက်လက်ခံယူကာ တော်လှန်ရေးတာဝန်တွေ အောင်မြင်အောင် ဆက်လက်ထမ်းဆောင်သွားမယ်လို့ လူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်သောမဟာမိတ်အင်အားစု (GSCN)က ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဦးအောင်ဆန်းမြင့်ဟာ ကရင်နီလူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာတဲ့ နိုင်ငံရေးယုံကြည်ချက်တို့နဲ့ ဘဝတသက်တာလုံး ပေးဆပ်စတေးကာ တစိုက်မတ်မတ် ကြိုးပမ်း အားထုတ်ခဲ့တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်လို့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ထားပါတယ်။
အခုလို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အရေးပါလှတဲ့ တော်လှန်ရေး အချိုးအကွေ့ကာလမှာ နိုင်ငံရေး အမြော်အမြင်ကြီးမားပြီး ရင့်ကျက်တည်ကြည်ကာ သဘောထားပြည့်ဝတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတယောက် ဆုံးရှုံးလိုက်ရတာဟာ ကရင်နီလူမျိုးတွေအတွက်သာမက မြန်မာနိုင်ငံ တဝန်းလုံးရှိ တော်လှန်ရေးအင်အားစု တရပ်လုံးနဲ့ ပြည်သူလူထုအတွက်ပါ အစားထိုး မရနိုင်တဲ့ ကြီးမားလှတဲ့ ဆုံးရှုံးမှုကြီးတရပ် ဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ကွယ်လွန်သူ ဦးအောင်ဆန်းမြင့်ရဲ့ ရုပ်ကလာပ်ကို ကရင်နီပြည်နယ်စပ်တနေရာမှာ စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ မြေမြှုပ်သင်္ဂြိုလ်မှာဖြစ်ပါတယ်။











