
ဖက်ဒရယ်တရားသူကြီး ကဲနက်သ်ကရာ့စ်ဟာ ကွယ်လွန်သူ ဂျက်ဖရီ အက်ပ်စတိန်း ကိုယ်တိုင်ရေးခဲ့တယ်လို့ ယူဆရတဲ့ သေတမ်းစာ မှတ်တမ်းတခုကို မေ ၆ ရက် မှာ ထုတ်ပြန်ခဲ့ပြီး အဲဒီစာထဲမှာ “ကိုယ် နှုတ်ဆက်ရမဲ့အချိန်ကို ကိုယ်တိုင်ရွေးချယ်ခွင့်ရတာဟာ ကျေနပ်စရာပါပဲ” ဆိုတဲ့ စာကြောင်းလည်း ပါဝင်နေပါတယ်။
ဒီစာဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လတုန်းက အက်ပ်စတိန်းကို မက်ဟက်တန်ထောင်ထဲမှာ လည်ပင်းဒဏ်ရာတွေနဲ့ အသက်ရှင်လျက် တွေ့ရှိခဲ့စဉ်က ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကတော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားမှုလို့ သတ်မှတ်ခဲ့ပါတယ်။
အက်ပ်စတိန်းရဲ့ အခန်းဖော် တာတာ ဂလီယွန်ရဲ့ ပြောပြချက်အရ အဲဒီစာကို သူတို့ ၂ ယောက် အတူနေတဲ့ အခန်းထဲက စာအုပ်တအုပ်ထဲမှာ ညှပ်ထားတာလို့ ဆိုပါတယ်။
အက်ပ်စတိန်းဟာ အဲဒီနောက် သီတင်းပတ်အနည်းငယ်အကြာ ၂၀၁၉ ခုနှစ် ဩဂုတ် ၁၀ ရက်မှာတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။
လက်ရေးနဲ့ရေးထားတဲ့ အဲဒီမှတ်တမ်းကို လူသတ်မှုနဲ့ ထောင်ဒဏ်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်း တာတာ ဂလီယွန် က တွေ့ရှိခဲ့တာပါ။ The New York Times သတင်းဌာနက ဒီစာရှိနေတဲ့အကြောင်း ပြီးခဲ့တဲ့အပတ်က သတင်းမှာ ဖော်ပြခဲ့ပြီးနောက်မှာ တရားသူကြီး ကဲနက်သ်ကရာ့စ်က ထုတ်ပြန်လိုက်တာပါ။
တရားရုံးမှတ်တမ်းထဲက ပုံအရ အဲဒီစာထဲမှာ “သူတို့ ကျနော့်ကို လနဲ့ချီ စုံစမ်းစစ်ဆေးခဲ့ပေမဲ့ ဘာမှ မတွေ့ခဲ့ဘူး။ ဒါပေမဲ့ ၁၅ နှစ်တောင် ကြာခဲ့ပြီဖြစ်တဲ့ စွဲချက်တွေကတော့ ပေါ်လာခဲ့တယ်။ နှုတ်ဆက်ဖို့အချိန်ကို ကိုယ်တိုင် ရွေးချယ်ခွင့်ရတာဟာ ကျေနပ်စရာပါပဲ။ ကျနော့်ကို ဘာလုပ်စေချင်တာလဲ၊ ထငိုခိုင်းနေတာလား၊ ပျော်စရာမကောင်းဘူး၊ မတန်ဘူး” လို့ ရေးသားထားပါတယ်။
မျဉ်းကြောင်းပါ စာရွက်ပေါ်က ဒီစာဟာ တကယ်ပဲ အက်ပ်စတိန်း ရေးခဲ့တာ ဟုတ်၊ မဟုတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ငွေကြေးလုပ်ငန်းရှင်ဟောင်းလည်းဖြစ်တဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှုနဲ့ စွပ်စွဲခံခဲ့ရတဲ့ အက်ပ်စတိန်းဟာ ၂၀၀၈ ခုနှစ်တုန်းက ဖလော်ရီဒါမှာ အရွယ်မရောက်သေးသူကို ပြည့်တန်ဆာအဖြစ် ခိုင်းစေမှုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ဖူးပါတယ်။
နောက်ပိုင်း ၂၀၁၉ ဇူလိုင်လမှာတော့ နယူးယောက်နဲ့ ဖလော်ရီဒါတို့မှာ မိန်းကလေးငယ်တွေကို စုဆောင်း အလွဲသုံးစားလုပ်မှု၊ လူကုန်ကူးမှုတွေနဲ့ ထပ်ပြီး အဖမ်းခံခဲ့ရပါတယ်။ အက်ပ်စတိန်းဟာ ၂၀၁၉ ဩဂုတ်လမှာတော့ မက်ဟက်တန်ထောင်ထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။
Source: Reuters










