
ဂျက်ဖရီအက်ပ်စတိန်း အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး နော်ဝေအိမ်ရှေ့မင်းသမီး မက်တီမာရိက သူဟာ အလှည့်စားခံ၊ အသုံးချခံလိုက်ရတာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
နော်ဝေအိမ်ရှေ့မင်းသမီး မက်တီ-မာရိ(တ်)ဟာ ကွယ်လွန်သူ လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူ ရာဇဝတ်ကောင် ဂျက်ဖရီအက်ပ်စတိန်းနဲ့ မိတ်ဆွေဖြစ်ခဲ့တာကို နောင်တရတယ်လို့ မတ် ၂၀ ရက်မှာ ပြောကြားခဲ့ပြီး ဒီကိစ္စဟာ နိုင်ငံဘုရင်မိသားစုကို ထိခိုက်စေတဲ့ အကြီးမားဆုံး အရှုပ်တော်ပုံတွေထဲ က တခုဖြစ်လို့ ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။
မနေ့မနက်က ထုတ်လွှင့်ခဲ့တဲ့ နော်ဝေအများပြည်သူရုပ်သံ NRK နဲ့ လူတွေ့မေးမြန်းခန်းမှာ နော်ဝေ အိမ်ရှေ့မင်းသမီး မက်တီမာရိက "ကျမက အလှည့်စားခံလိုက်ရတာပါ၊ အသုံးချခံလိုက်ရတာပါ" လို့ မျက်ရည်လည်ရွဲနဲ့ ပြောပါတယ်။
ဂျက်ဖရီအက်ပ်စတိန်းနဲ့ ပတ်သက်ပြီး "တကယ်တော့ သူနဲ့ လုံးဝ မတွေ့ဆုံခဲ့မိရင် အကောင်းသားလို့ ဆန္ဒရှိမိပါတယ်" လို့လည်း ဆိုပါတယ်။
အမေရိကန်တရားရေးဌာနက ဂျက်ဖရီအက်ပ်စတိန်းနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း သန်းပေါင်း များစွာကို ထုတ်ပြန်လိုက်တာကြောင့် ကမ္ဘာတဝန်းလုံး တုန်လှုပ်သွားခဲ့ပြီး အိမ်ရှေ့မင်းသမီး အပါအဝင် နော်ဝေနိုင်ငံရဲ့ထိပ်တန်းနိုင်ငံရေးသမားတွေ၊ စီးပွားရေးခေါင်းဆောင်တွေ၊ သံတမန်တွေ အပါအဝင် လူသိထင်ရှားပုဂ္ဂိုလ်တွေဟာ ဂုဏ်သရေမဲ့ စီးပွားရေးအမှုဆောင် ဂျက်ဖရီအက်ပ်စတိန်း နဲ့ ဆက်နွှယ်မှုတွေ ရှိကြတာကို ဖော်ထုတ်ခဲ့ပါတယ်။
ဂျက်ဖရီအက်ပ်စတိန်းဟာ ၂၀၀၈ ခုနှစ်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးကို သွေးဆောင် ဖြားယောင်းမှုနဲ့ ပြစ်မှုထင်ရှား စီရင်ခံခဲ့ပြီးနောက်ပိုင်းမှာလည်း နော်ဝေအိမ်ရှေ့မင်းသမီး မက်တီ-မာရိ(တ်) နဲ့ အဆက်အသွယ် ခဏခဏရှိခဲ့တယ် ဆိုတာကို ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်း တွေထဲမှာ တွေ့ရပါတယ်။
ဒါပေမဲ့ အိမ်ရှေ့မင်းသမီး အပေါ်မှာတော့ ဘယ်လို ရာဇဝတ်မှုကျူးလွန်မှုနဲ့မှ စွပ်စွဲထားတာမျိုး မရှိပါဘူး။
Source:Reuters










