
နော်ဝေနိုင်ငံရဲ့ အိမ်ရှေ့မင်းသမီး မက်တီမားရိထ်ဟာ အဆုတ်အစားထိုးကုသမှု အောင်အောင်မြင်မြင် ခံယူပြီးစီးခဲ့ပြီး လက်ရှိမှာ ပြန်လည်နာလန်ထူလာနေပြီဖြစ်ကြောင်း နန်းတော်က ဇွန် ၁၇ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
နော်ဝေထီးနန်းကို ဆက်ခံမဲ့ အိမ်ရှေ့မင်းသား ဟာကွန်ရဲ့ ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် မင်းသမီးဟာ ၂၀၁၈ ခုနှစ်တုန်းက အဆုတ်အမာရွတ်ဖြစ်တဲ့ရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။
ဒီရောဂါဟာ အဆုတ်မှာ အမာရွတ်တွေ ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင် စုပ်ယူမှုကို လျော့နည်းစေတဲ့ နာတာရှည် ရောဂါတမျိုး ဖြစ်ပါတယ်။
အိမ်ရှေ့မင်းသမီး မက်တီမားရိထ်ဟာ ကျန်းမာရေး သိသိသာသာ ဆိုးရွားလာခဲ့ပြီး ဒီခွဲစိတ်ကုသမှုကိုသာ မခံယူဘူးဆိုရင် အသက်ရှင်ဖို့ တနှစ်ဝန်းကျင်ပဲ လိုတော့မဲ့ အခြေအနေကြောင့် အဆုတ်အစားထိုးကုသဖို့ စောင့်ဆိုင်းရမဲ့ လူနာစာရင်းထဲ ထည့်သွင်းခံခဲ့ရတာဖြစ်တယ်လို့ အော်စလိုတက္ကသိုလ်ဆေးရုံက ဇွန် ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အိမ်ရှေ့မင်းသမီးဟာ အဆုတ်အသစ် လဲလှယ်ထားတဲ့ တခြားလူနာတွေလိုပဲ နောက်ထပ် “ရက်သတ္တပတ် အနည်းငယ်ကြာ” ဆေးရုံမှာ ဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း ဆေးရုံကြီးရဲ့ ပရော်ဖက်ဆာ အာရ်ဟုမ်းက နန်းတော်ကတဆင့် ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောပါတယ်။
အိမ်ရှေ့မင်းသား ဟာကွန်ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက မင်းသမီးရဲ့ ကျန်းမာရေးအခြေအနေ ပြောင်းလဲလာတာကို မိသားစုဝင်တွေ သတိထားမိခဲ့ကြပြီး သူ့အနေနဲ့ အသက်ရှူဖို့ ပိုပြီး ရုန်းကန်နေရတယ်လို့ ပြောခဲ့ပါသေးတယ်။
Source: Reuters










