
နော်ဝေနိုင်ငံရဲ့ အိမ်ရှေ့စံမိဖုရား မက်တဲမာရိဟာ မကြာသေးခင်လတွေအတွင်း ကျန်းမာရေး ယိုယွင်းလာပြီးနောက် အဆုတ်အစားထိုးကုသမှုခံယူဖို့ မျှော်လင့်ရကြောင်း တော်ဝင်မိသားစုက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
နော်ဝေထီးနန်းဆက်ခံသူ အိမ်ရှေ့စံမင်းသား ဟိုကွန်းရဲ့ အသက် ၅၂ နှစ်အရွယ် ဇနီးဟာ ၂၀၁၈ ခုနှစ်မှာ အဆုတ်ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး အဲဒီရောဂါဟာ အဆုတ်တစ်ရှူးမှာ မာကျောတင်းကျပ်လာပြီးတော့ အသက်ရှူရခက်လာကာ အောက်ဆီဂျင်စုပ်ယူမှု လျော့နည်းစေတဲ့ နာတာရှည်ရောဂါတမျိုးလို့ ဆိုပါတယ်။
မကြာသေးမီလတွေအတွင်း ပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုတွေအရ အိမ်ရှေ့မင်းသမီးရဲ့ ကျန်းမာရေးအခြေအနေ ပိုဆိုးရွားလာနေကြောင်း နန်းတော်က ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
ဒီရောဂါကို ဆေးဝါးတွေနဲ့ ထိန်းချုပ်ထားနိုင်မယ်လို့ မျှော်လင့်ခဲ့ကြောင်း နော်ဝေ အိမ်ရှေ့ မိဖုရား မက်တဲမာရိ က NRK အများပြည်သူပိုင် ရုပ်သံဌာနကို ပြောပါတယ်။
မက်တဲမာရိက “ရောဂါဆိုးရွားလာမှုက အတော်လေး နှေးကွေးခဲ့ပေမဲ့အခုတော့ ကျမနဲ့ ဆရာဝန်တွေ မျှော်လင့်ထားသလိုမဟုတ်ဘဲ ပိုပြီးမြန်မြန် ဆိုးရွားလာနေတယ်” လို့ပြော ပါတယ်။
သူ့ကို အစားထိုးကုသမှု စောင့်ဆိုင်းစာရင်းမှာ ဘယ်အချိန် ထည့်သွင်းမလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ နန်းတော်က ပြောပါတယ်။
အိမ်ရှေ့ မိဖုရား မက်တဲမာရိဟာ ၁၉၉၉ ခုနှစ်က ဂီတပွဲတော်တခုမှာ တော်ဝင်မင်းသား ဟို့ကွန်းနဲ့ တွေ့ဆုံခဲ့ချိန်တုန်းက အသက် ၂၅ နှစ်အရွယ်ရှိပြီး အိမ်ထောင်မရှိတဲ့ သာမန်ပြည်သူ တယောက် ဖြစ်ပါတယ်။
အိမ်ရှေ့မင်းသားနဲ့ အချစ်ရေး စတင်ချိန်မှာ မီဒီယာမှာ အုတ်သော်သောင်းနင်း ရှိခဲ့ပြီးနောက် နိုင်ငံသားတွေအကြား စိတ်ဝင်စားမှု ချစ်ခင်မှုကို ရရှိခဲ့ပါတယ်။
Source: Reuters










