DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူအတွက် လှူဒါန်းသည့် ဆန်များကို စစ်အုပ်စုက ဆန်ကွဲနှင့် လဲယူနေသဖြင့် တိုက်ရိုက် အကူအညီပေးနိုင်ရေး ဂျပန် ကြိုးပမ်း
DVB
·
June 20, 2022
မြန်မာပြည်သူအတွက် လှူဒါန်းသည့် ဆန်များကို စစ်အုပ်စုက ဆန်ကွဲနှင့် လဲယူနေသဖြင့် တိုက်ရိုက် အကူအညီပေးနိုင်ရေး ဂျပန် ကြိုးပမ်း
Donate to DVB

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် ဂျပန်နိုင်ငံက ပေးအပ်လှူဒါန်းလိုက်တဲ့ ဆန်တွေကို အာဏာသိမ်းစစ်အုပ်စုက ဆန်ကွဲနဲ့လဲပြီး ယူထားလိုက်တာကြောင့် အမှန်တကယ် လိုအပ်သူတွေဆီ အကူအညီတိုက်ရိုက်ပေးပို့နိုင်ရေး   ဂျပန်အဖွဲ့အစည်းတစ်ခုက ကြိုးပမ်းနေပါတယ်။

ဂျပန်နိုင်ငံရဲ့ ပါတီစုံလွှတ်တော်အမတ်တွေ ဦးဆောင်ပါဝင်တဲ့ အကျိုးအမြတ်မရည်ရွယ်တဲ့ အဖွဲ့အစည်းတစ်ခုဖွဲ့စည်းလိုက်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ အာဏာရှင်စနစ်နဲ့ဖိနှိပ်မှုအောက်မှာ ဘေးဒုက္ခကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေဆီကို အကူအညီတွေ တိုက်ရိုက်ပေးနိုင်ဖို့ ကြိုးစားနေတာလို့ Japan Today သတင်းမှာရေးပါတယ်။

မြန်မာ့အရေး နိုင်ငံတကာကူညီထောက်ပံ့ရေးအဖွဲ့အစည်း (The Myanmar International Assistance Organization) လို့ အမည်ပေးထားတဲ့ အဲဒီအဖွဲ့ဟာ ဆေးဝါးနဲ့ အစားအစာတွေ အပါအဝင် ကူညီရေးပစ္စည်းတွေ မြန်မာကို ပို့ဆောင်ဖို့အတွက် နယ်မြေကျွမ်းကျင်တဲ့ အစိုးရမဟုတ်သော ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်ထားပြီး နယ်စပ်ဖြတ်ကျော်ပို့ဆောင်နိုင်ဖို့လည်း  ဂျပန်-မြန်မာမိတ်ဖက်အဖွဲ့အစည်း၊ ထိုင်း-ဂျပန် ပညာရေးဖွဲ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့လို တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၅ ရက်က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီအဖွဲ့ရဲ့ ဒါရိုက်တာတယောက်ဖြစ်တဲ့ Myanmar Japon မဂ္ဂဇင်းရဲ့ CEO၊ ယူတကနာဂါဆူဂီက ဂျပန်နိုင်ငံကနေ ကူညီထောက်ပံ့လိုက်တဲ့ ဆန်အိတ်တွေမှာ ဆန်ကွဲတွေရောပြီးလဲ ယူထားတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

အဲဒီလုပ်ရပ်ကို မြန်မာစစ်တပ်နဲ့ ဆက်နွှယ်သူတယောက်က  ဆောင်ရွက်ခဲ့ကြောင်း သံသယရှိပြီး ဒီလုပ်ရပ်ဟာ ထောက်ပံ့ကူညီရေးပစ္စည်းတွေ ပို့ဆောင်ရေးမှာ စောင့်ကြည့်ထိန်းသိမ်းမှုလိုကြောင်း သက်သေလည်းဖြစ်တယ်လို့ နာဂါဆူဂီက ပြောပါတယ်။

“အစိုးရကတော့ ကြိုးပမ်းပြီး လှူတန်းလိုက်တာပဲ၊ ဒါပေမဲ့ မြေပြင်မှာကျတော့ ပစ္စည်းတွေက တကယ်လိုတဲ့သူတွေဆီ မရောက်ဘဲ တစ်ယောက်ယောက်ကတစ်နေရာရာမှာ တစ်ခုခုလုပ်လိုက်တယ်၊ အဲဒါကြောင့် ဒီအဖွဲ့အစည်းဖြစ်လာရတာပဲ။”

အဖွဲ့အစည်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဂျပန်လွှတ်တော်အမတ် အီချီရိုအီဆာဝါကတော့ သူဟာ လက်ရှိအာဏာရပါတီရဲ့ လွှတ်တော်အမတ်ဖြစ်တာကြောင့် မြေပြင်မှာကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေကို ဝန်ကြီးဌာနနဲ့ အစိုးရကိုတိုက်ရိုက်တင်ပြနိုင်တဲ့ သူ့ရဲ့အခွင့်အရေးကို အသုံးချလိုကြောင်း ပြောခဲ့ပါတယ်။

ဇွန်လထဲမှာ တရားဝင်ဖွဲ့စည်းတည်ထောင်လိုက်တဲ့ သူတို့အဖွဲ့အစည်းဟာ မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဂျပန်အစိုးရက အသိအမှတ်ပြုလက်ခံလာအောင် ဆောင်ရွက်ရင်း မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက်ကိုလည်း ကူညီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးနေတာနဲ့ တချိန်တည်းမှာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်နိုင်ရေးအတွက်လည်း စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုခီရှိဒရဲ့ အစိုးရအဖွဲ့ကတော့ မြန်မာစစ်အာဏာရှင်တွေကို ရန်သူလိုဆက်ဆံလိုက်ရင် မြန်မာအခက် တရုတ်အချက် ဖြစ်မယ့် အရေးကို ရှောင်ရှားလိုတာကြောင့် အခုချိန်ထိ NUG အစိုးရကို အသိအမှတ်ပြုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထောက်ခံကူညီသူ ဂျပန်အစိုးရအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မီချီဟီရိုအီရှီဘာရှီကလည်း အီဆာဝါနဲ့အတူ  ဒီအဖွဲ့မှာ ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ယူထားပါတယ်။ သူဟာ ဂျပန်-မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ မိတ်ဖက် အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

မြန်မာ့အရေးနိုင်ငံတကာကူညီထောက်ပံ့ရေးအဖွဲ့အစည်း ရဲ့ သတင်းစာရှင်းလင်းပွဲကို ဝန်ကြီးချုပ်ဟောင်း  ရှင်ဇိုဘာဘေးရဲ့ ဇနီးဖြစ်သူ  အကီအာဘေး လည်း အားပေးထောက်ခံသူအဖြစ် တက်ရောက်လာခဲ့ပါတယ်။

ဒါ့အပြင် NUG အစိုးရရဲ့ ဂျပန်ကိုယ်စားလှယ် ကရင်တိုင်းရင်းသား စောဘလှသိန်းတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ဆက်လက် ကူညီပေးဖို့တောင်းဆိုခဲ့သလို ဂျပန်အစိုးရကနေ NUG အစိုးရကို အသိအမှတ်ပြုလာရေးအတွက် အခုအသစ်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းက ဆောင်ရွက်နိုင်လမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံသားတွေဟာ ဆိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရပြီး စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၂၀၀၀ ခန့် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံလူဦးရေစုစုပေါင်းရဲ့ လေးပုံတပုံ လောက်ဖြစ်တဲ့ ၁၄ ဒသမ ၄ သန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ  ကုလသမဂ္ဂအထူးသံတမန် နိုလင်းဟေဇာရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာအာဏာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကုလသမဂ္ဂအထူးသံတမန်ရဲ့ ပြောဆိုချက်တွေမှာ မြေပြင်အခြေအနေနဲ့ကိုက်ညီမှုမရှိလို့ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

Photo- Kyodo

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013