
စစ်ကောင်စီတပ်ဖွဲ့က အဓမ္မသိမ်းယူသွားတဲ့ ကာလတန်ဖိုးသိန်း ၁၀၀ လောက် တန်ဖိုးရှိ ပြည်သူပိုင်ဆိုင်ကယ် ၁၀ စီးကို မြောင်ပြည်သူ့ကာကွယ်ရေး နဲ့ လုံခြုံရေးတပ်ဖွဲ့ CDSOM က ပြန်လည်လုယူပြီး ပြည်သူတွေကို ဇွန် ၁၈ ရက်နေ့က ပြန်လည်ပေးအပ်ခဲ့တယ်လို့ CDSOM က ထုတ်ပြန်ထားပါတယ်။
ဇွန် ၁၀ ရက်နေ့က စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ဘလွေကျေးရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းက ပစ္စည်းတွေကို ခိုးယူခဲ့တဲ့အပြင် ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို အဓမ္မသိမ်းယူသွားခဲ့တယ် လို့ ဆိုပါတယ်။
“အကြမ်းဖက်စစ်တပ်မှ အဓမ္မသိမ်းယူသွားသော ပြည်သူများ၏ ဆိုင်ကယ် (၁၀) စီးအား ကျွန်ုပ်တို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအ ဖွဲ့ - CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအဖွဲ့ဖြစ်သည့် တူမီးဖိုက်တာအဖွဲ့မှ အကြမ်းဖက်စစ် (-) များထံမှ ပြန်လည်ရယူကာ ပြည်သူများ၏ လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ပါသည်” လို့ CDSOM အဖွဲ့က လူမှု့ကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာပါတယ်။
Scoopy အမျိုးအစား ၅ စီး၊ ကာလတန်ဖိုးငွေကျပ် သိန်း ၇၀ ကျော်၊ ဆိုင်ကလုန်း ၁ စီး ကာလတန်ဖိုး ငွေကျပ် ၁၀ သိန်းကျော်၊ ၁၂၅ တရုတ်ဘီး ၄ စီး ကာလတန်ဖိုးငွေကျပ် သိန်း ၂၀ ကျော် စုစုပေါင်း ကာလတန်ဖိုး သိန်း ၁၀၀ ကျော်ရှိ ဆိုင်ကယ်တွေကို ပြည်သူတွေဆီ ပြန်လည်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။