DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း တိုက်ပွဲများပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်များ သေဆုံး၊ ဒဏ်ရာရ
DVB
·
June 18, 2022
မကွေးတိုင်းအတွင်း တိုက်ပွဲများပြင်းထန်ဖြစ်ပွားပြီး  စစ်ကောင်စီတပ်များ သေဆုံး၊ ဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာမှာ  ဇွန် ၁၈ ရက်မနက်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါ PDF ကနေ သိရပါတယ်။

တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး နှစ်ဖက် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ ကြပြီး စစ်ကောင်စီတပ်သား သုံးယောက်သေဆုံး နှစ်ယောက် ဒဏ်ရာရရှိတယ်လို့ ဂန့်ဂေါ PDF က ထုတ်ပြန်ထားပါတယ်။

"ကျနော်တို့ဘက်က ရှေ့ထွက်ပြောင်း၊ ပဒေသာမိုင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က ထိခိုက်ကျဆုံးမှုတွေရှိတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေဘက်‌ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူး"လို့ ဂန့်ဂေါ PDF ရဲ့ တာဝန်ခံက ပြောပါတယ်။

ဇွန် ၁၇ ရက်ကလည်း အဲဒီစစ်ကြောင်းနဲ့ ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေအကြား  တိုက်ပွဲဖြစ်ပွားခဲ့ကာ  စစ်ကောင်စီဘက်က သုံးယောက် ဒဏ်ရာရရှိသွားတယ်လို့ ဂန့်ဂေါ PDF ထံက သိရပါတယ်

မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း ဇွန် ၁၈ ရက် ဒီနေ့ မနက်ပိုင်းက ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ကိုင်တောမ ရဲကင်းစခန်းက ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ ငါးယောက်သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်-PDF တပ်ရင်း(၁) ကနေသိရပါတယ်။

မြိုင်မြို့နယ် ကိုင်းတောမရဲကင်းစခန်းက ရဲခြောက်ယောက်က ဒီမနက် ၉ နာရီလောက်မှာ ဆိုင်ကယ် သုံးစီးနဲ့ ပေပင်တိုက်ရွာလမ်းဆုံနဲ့ ကျောက်တိုင်ရွာလမ်းတွေကို စစ်ဆေးပြီး အပြန်မှာ မြိုင်-PDF တပ်ရင်း(၁)နဲ့ ဂဠုန်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင်-PDF တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

“အဲဒီ ရဲ(...) ခြောက်ယောက်ကို ကျနော်တို့ဘက်က မိုင်းစောင့်နေတဲ့ ရဲဘော်တွေက မိုင်း နှစ်လုံးဆွဲ ပြီးတိုက်ခိုက်ခဲ့တာဗျ။ ရဲ(...) ခြောက်ယောက်အနက် ငါးယောက်သေဆုံးပြီး တယောက်အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာခဲ့လို့  PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်က စစ်ကူတွေဝင်လာနိုင်တာကြောင့် လက်နက်ခဲယမ်းတွေနဲ့ ပစ္စည်းတွေကိုတော့ သိမ်းယူတာတွေ မပြုလုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

မြိုင်မြို့နယ် ကန်နီကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကိုလည်း ဇွန်လ ၁၅ ရက်မနက်ပိုင်းက တာဝေးပစ် ရှော့တိုက်လက်နက်ကြီးနဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူ ဆယ်ဂဏန်းလောက်ရှိတယ်လို့ ဂျိုင်းကြား လက်နက်ကြီးတပ်ဖွဲ့ ရဲ့ တာဝန်ခံရဲဘော်တင်မောင်က ပြောပါတယ်။

ရေစကြိုမြို့နယ်မှာလည်း ဇွန် ၁၇ ရက်နဲ့ ၁၈ ရက်နေ့အတွင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့တိုက်ခိုက်မှုဖြစ်စဉ်  သုံးခုရှိခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ  တယောက်သေဆုံးပြီး တချို့ဒဏ်ရာရရှိခဲ့တယ်လို့   ရေစကြို PDF ကနေသိရပါတယ်။

ရေစကြိုမြို့နယ်မှာ ဇွန် ၁၇ ရက် မနက် ၇ နာရီက မ.ဘ.သ ခေါင်းဆောင် ရှင်မတောင်ဆရာတော်ကို လုံခြုံရေးယူပေးနေတဲ့ ပခန်းကြီးရဲစခန်းကရဲတွေနဲ့  စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးအဖွဲ့တို့ ပူးပေါင်းအဖွဲ့ဟာ ရှင်မတောင်ဘက်ကနေ တောင်အိုကျေးရွာဘက်ကို ကားနဲ့ ဦးတည်မောင်းနှင်လာစဥ် ချင်းယားကုန်းကျေးရွာနားအရောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ယာဉ်မောင်း အပါအဝင် ၁၀ ယောက်လောက် လိုက်ပါလာတဲ့အနက် လေးယောက် မစိုးရိမ်ရ ဒဏ်ရရခဲ့ပြီး သုံးယောက် ဒဏ်ရာအပြင်းထန်ခဲ့ကာ ကားနောက်ပိုင်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။

အလားတူ ဒီမနက် ၁၀ နာရီလောက်ကလည်း ပခုက္ကူမြို့မှ ရေစကြိုမြို့နယ်ရှိ ခလရ (၂၅၈)သို့ ပခုက္ကူ-ရေစကြို ကားလမ်းအတိုင်း ဦးတည် မောင်းနှင်လာတဲ့စစ်ကောင်စီ ယာဥ်တန်းကို ကြီးကံအုပ်စု မိုက်ပင်ကုန်းကျေးရွာအနီးမှာ လေးလုံးတွဲ ပဒေသာနဲ့တိုက်ခိုက်ခဲ့တာကြောင့် တပ်မ ၁၀၁ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၁၀ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကာ ကား နှစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေစကြို PDF ကနေသိရပါတယ်။

ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာတော့ ရေစကြိုမြို့အတွင်းက စစ်ကောင်စီအဖွဲ့ဝင်တွေဟာ Hijet ကားနဲ့ မြို့အပြင်သို့ထွက်လာစဥ် ဆက်သွယ်ရေးရုံးအနီးမှာ မိုင်းတလုံးခွဲပြီး တိုက်ခိုက်ခဲ့ရလို့ တယောက်သေဆုံးကာ နှစ်ယောက် အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့  YESAGYO PDF ကထုတ်ပြန် ကြေညာထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Yesagyo PDF၊ N-YSO ပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force၊ Steel Hawk(သံမဏိသိန်းငှက် ) PDF -Myaing Townshipတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေသေဆုံး ဒဏ်ရာရတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို  စစ်ကောင်စီပြန်ကြားရေးကလည်း စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရတဲ့ အခြေအနေကို တခါမှ ဝန်ခံ သတင်းထုတ်ပြန်တာမရှိပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013