DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် ကုန်သွယ်မှုပိုငွေပြခဲ့ဟု စစ်ခေါင်းဆောင် ထပ်မံပြောဆို
DVB
·
June 18, 2022
စစ်အာဏာသိမ်းပြီးနောက် ကုန်သွယ်မှုပိုငွေပြခဲ့ဟု  စစ်ခေါင်းဆောင် ထပ်မံပြောဆို
Donate to DVB

မြန်မာပြည်ရဲ့ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး  ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့တာကြောင့်  စစ်ကောင်စီတာ၀န်ယူချိန်မှာ ကုန်သွယ်မှုပိုငွေ ဖြစ်ခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဇွန် ၁၇ ရက်နေ့မှာ ပြောပါတယ်။ 

ကုန်သွယ်မှုနဲ့ပက်သက်ပြီး တချို့သော မလိုအပ်တဲ့ ပစ္စည်းတွေ တင်သွင်းမှုကို ထိန်းသိမ်းကြပ်မတ်ခဲ့ပြီး လိုအပ်တဲ့ ကုန်ပစ္စည်းတွေကိုသာ တင်သွင်းစေခဲ့တာကြောင့်   ၂၀၂၁ခုနှစ် ဖေဖော်၀ါရီ ကနေ ၂၀၂၂ ခုနှစ် မေလအထိ ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ ၁၁၄၀ သန်း ဖြစ်ပေါ်ခဲ့တယ်လို့ စစ်အုပ်စုခေါင်း ဆောင်က ပြောဆိုခဲ့တာပါ။

ဒါ့အပြင် အစိုးရသက်တမ်းနှစ်ခုမှာ ကုန်သွယ်မှုလိုငွေတွေ ရှိခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။  စစ်ခေါင်းဆောင်ပြောကြားတဲ့အချက်အလက်တွေဟာ ဘယ်လောက် မှန်ကန်မှုရှိလဲဆိုတာ မသိရသေးသလို နယ်စပ်တွေမှာရှိတဲ့ တရားဝင် ဂိတ်တွေနဲ့ တရားမဝင်ဂိတ်တွေကနေ ကုန်ပစ္စည်းတွေတင်သွင်းတဲ့ တန်ဖိုးတွေကိုတော့ ထည့်သွင်းတွက်ချက်တာ ရှိမရှိ မသိရပါဘူး။

စစ်ကောင်စီဟာ သူ့လက်ထက်မှာ အရေးကြီးကုန်စည်မဟုတ်တဲ့ မော်တော်ယာဉ် တင်သွင်းမှုကို ကန့် သတ်ခဲ့ပြီး၊ ပြည်တွင်းလိုအပ်ချက်များတဲ့ စားအုန်းဆီနဲ့ စက်သုံးဆီ အပါအ၀င် သွင်းကုန်တွေ တင်သွင်းမှုတွေ အပေါ်မှာလည်း မူ၀ါဒချမှတ် ကန့်သတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ 

ကုန်သွယ်မှုပိုငွေ ဖြစ်လာတဲ့အပေါ်  စစ်အုပ်စုဘက်က အခုလို ဂုဏ်ယူပြောကြားလေ့ရှိပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်သွယ်မှုပိုငွေ ဖြစ်လာရတာက  ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှပ်နှံမှုတွေ လျှော့ကျသွားလို့ ဖြစ်ကြောင်း စီးပွားရေးသုတေသီတွေက ထောက်ပြပြောဆိုကြပါတယ်။

နောက်ပြီး အခြေခံအဆောက်အဦး လိုအပ်ချက်ရှိနေသေးတဲ့  မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လျှော့နည်းသွားတာက တိုင်းပြည်ရဲ့ရေရှည်ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်လို့လည်း ပညာရှင်တွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနဲ့ တခြားပို့ကုန်တွေကို အဓိကတင်ပို့နေပြီး ပြည်ပကနေ ရင်းနှီးမြှုပ်နှံမှုကုန်စ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်း တို့ကို အဓိကတင်သွင်းနေတာပါ။ 

ကုန်သွယ်မှုပိုငွေ ဆိုတာက ကိုယ့်နိုင်ငံက တင်ပို့တဲ့ ပို့ကုန်ရငွေ တန်ဖိုးက တခြားနိုင်ငံတွေက သွင်းကုန်တွေ တင်သွင်းတဲ့အခါ ပေးရတဲ့တန်ဖိုးထက်များနေတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပိုငွေပြခြင်း ကိုခေါ်ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ယာယီစာရင်းအရ နိုင်ငံပြုပြင်ပြောင်းလဲမူတွေ ဆောင်ရွက်နေတဲ့ ကာလတွေ ဖြစ်တဲ့ ၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်မှာ  ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၅ဒသမ၂၁ ဘီလီယံ၊ ၂၀၁၇−၂၀၁၈ မှာ ၃ဒသမ ၈၁၁ ဘီလီယံ၊  ၂၀၁၈ မီနီဘတ်ဂျတ်မှာ  ၁ဘီလီယံကျော်၊ ၂၀၁၈−၂၀၁၉မှာ ၁ဒသမ၀၂၆ ဘီလီယံ၊ ၂၀၁၉−၂၀၂၀ မှာ ၁ဒသမ ၃၆၉ ဘီလီယံ အသီးသီး ရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေပြမှု ပမာဏ နှစ်စဉ် လျော့နည်းကျဆင်းခဲ့ပါတယ်။ 

နောက်ဆုံး ထုတ်ပြန်တဲ့စာရင်းအရ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှု ပိုငွေ သန်း  ၆၇၀ ကျော်၊ ၂၀၂၁−၂၀၂၂ မီနစ်ဘတ်ဂျတ်မှာ  ပိုငွေ ၁၆၉ သန်းကျော် အသီးသီး  ဖြစ်ပေါ်ခဲ့ပြီး အခုဘဏ္ဍာနှစ် ၂လကျော်ကာလအတွင်းမှာတော့ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၇၆သန်းကျော်ပြနေပါတယ်။ 

ပို့ကုန်တင်ပို့မှု အပိုင်းကို ပြန်ကြည့်ရင်လည်း၂၀၁၇−၂၀၁၈ မှာ ၁၄ဒသမ၈၈၃ ဘီလီယံ၊  ၂၀၁၈ မီနီဘတ်ဂျတ်မှာ  ၈ဒသမ၈၆၁ဘီလီယံ၊၂၀၁၈−၂၀၁၉ဘဏ္ဍာနှစ်မှာ ၁၇ဒသမ၀၆၀ ဘီလီယံ၊ ၂၀၁၉−၂၀၂၀ဘဏ္ဍာနှစ် မှာ ၁၇ ဒသမ ၆၈၁ဘီလီယံ  ၊၂၀၂၀-၂၁ဘဏ္ဍာနှစ် မှာ ၁၈ ဒသမ ၃၆၃ ဘီလီယံနဲ့ ပို့ကုန်တန်ဖိုး နှစ်စဥ်မြင့်တက်ခဲ့ပေမဲ့၂၀၂၁−၂၀၂၂ မီနစ်ဘတ်ဂျတ်မှာတော့  ပို့ကုန်တင်ပို့မှု ၈ဘီလီယံကျော်သာရှိခဲ့ပါတယ်။

အခုလို ပို့ကုန်တန်ဖိုး သိသိသာသာ တိုးမြင့်လာခြင်းမရှိဘဲ ကုန်သွယ်မှုပိုငွေ ပြနေတဲ့အပေါ် စီးပွားရေး လေ့လာသုံးသပ်သူတွေရဲ့ ဝေဖန်ထောက်ပြမှုတွေရှိနေတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ရရှိတဲ့ အချက်လက်တွေဟာ ယုံကြည်စိတ်ချရမှု မရှိတော့လို့ ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်လို့ ခန့်မှန်း တွက်ချက်တာတွေ ပြုလုပ်ခြင်းမရှိတော့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013