DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ခေါင်းဆောင်များ မိုင်တဲလ်ကို အကြောင်းပြုပြီးကိုယ်ကျိုးရှာ၊ စစ်တပ်လျှို့ဝှက်ချက်များ ဗီယက်နမ်သို့ ပေါက်ကြားနေ
DVB
·
June 18, 2022
မြန်မာစစ်ခေါင်းဆောင်များ မိုင်တဲလ်ကို အကြောင်းပြုပြီးကိုယ်ကျိုးရှာ၊ စစ်တပ်လျှို့ဝှက်ချက်များ ဗီယက်နမ်သို့ ပေါက်ကြားနေ
Donate to DVB

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေဟာ မိုင်တဲလ်ကုမ္ပဏီရဲ့  ဆင်းကတ်ရောင်းတဲ့အစီအစဉ်ကနေတဆင့်  ပုဂ္ဂလိကအကျိုးစီးပွားအတွက် ရာထူးတာဝန်တွေကို  အလွဲသုံးစားပြု အကျင့်ပျက် ချစားနေပြီး  မြန်မာစစ်တပ်ရဲ့ လျှို့ဝှက်ချက်တွေ ဗီယက်နမ်စစ်တပ်ထံ ပေါက်ကြားနေတယ်လို့  Justice For Myanmar  အဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်နီးပါးအတွင်း မိုင်တဲလ်ဟာ မြန်မာစစ်တပ်ရဲ့ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်သူ့ဝန်ထမ်းတွေထံ သိန်းပေါင်းများစွာသောဆင်းကတ်တွေ အခဲမဲ့ပေးအပ်ခဲ့ပြီး အဆိုပါဆင်းကတ်တွေကနေ ကျပ်သန်းထောင်ချီ အမြတ်ဝင်ငွေရခဲ့သလို  ဆင်းကတ် လက်ခံရရှိခဲ့သူတွေလည်း စစ်ဘက်ထောက်လှမ်းစောင့်ကြည့်မှုအောက် ရောက်ရှိခဲ့တယ်လို့ လျှို့ဝှက်ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းတွေကို ကိုးကားပြီး  ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါအရောင်းမြှင့်တင်ရေး အစီအစဉ်အရ တာဝန်ထမ်းဆောင်ဆဲ စစ်တပ်အဖွဲ့ဝင်တွေ အားလုံး မိုင်တဲလ်ကတ်ကို  မသုံးမနေရ သုံးကြရန် လုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ် တပ်ရင်းတပ်ဖွဲ့ တစ်ခုချင်းစီရဲ့ ခေါင်းဆောင်တွေက သူတို့ ကွပ်ကဲမှုအောက်ရှိ စစ်သည်တွေ မိုင်တဲလ်ဖုန်း ကွန်ရက် အသုံးပြုစေဖို့နဲ့ ပုံမှန်ဖုန်းငွေဖြည့်သွင်းစေဖို့ တာဝန်ယူဆောင်ရွက်ရကြောင်း၊ ဒီအစီအစဉ်ကြောင့် တာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်း ဝန်းကျင်ဟာ မိုင်တဲလ် အသုံးပြုနေကြပြီး၊ အဲဒီကနေ မြန်မာကျပ်ငွေ ကျပ်သန်းထောင်ပေါင်းများစွာ အမြတ်ဝင်ငွေကို နှစ်စဥ်ရနေတယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ မိုင်တဲလ်၏ ပြင်ပဆက်ဆံရေးအရာရှိ ဇော်မင်းဦးက အရာရှိစစ်သည်တွေ မိုင်တဲလ်သုံးစွဲဖို့ ဖိအားပေးခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ ဖုန်းငွေ ဖြည့်သွင်းခတွေကိုလည်း စစ်သည်တွေရဲ့ လစာများမှ ဖြတ်တောက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ဖူးပါတယ်။

မိုင်တဲလ်ရဲ့ နံပတ်ခွဲဝေသတ်မှတ်မှုမှာ “၉၆၉” ဂဏန်းအသုံးပြုမှုဟာ အစွန်းရောက်ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေကို ထောက်ခံကြောင်း အချက်ပြခဲ့တာဖြစ်ပြီး  မြန်မာနံပတ်ခွဲဝေ သတ်မှတ်ရေး စည်းမျဉ်းတွေကို ဆန့်ကျင်ဖောက်ဖျက်လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။ 

မိုင်တဲလ်ရဲ့ သုံးစွဲသူအသစ် စည်းရုံးစုဆောင်းရေးအစီအစဉ်ကို  ၂၀၁၈ ခုနှစ်အတွင်း စစ်မှုထမ်းတွေအတွက်  တစ်ကြိမ်၊ “အထူးပုဂ္ဂိုလ်များ” အတွက်တစ်ကြိမ် ဆောင်ရွက်ခဲ့ရာမှာ အထူးပုဂ္ဂိုလ် ၁ (VIP 1) အုပ်စုမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ၊ ဒုတိယသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ထောက်ချုပ်တို့အား ပစ်မှတ်ထားပြီး၊ အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်သုံးစွဲခွင့် ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ 

အထူးပုဂ္ဂိုလ် ၂ (VIP 2) အုပ်စုမှာ ဝန်ကြီးတွေ၊ ပြည်ထောင်စုတရားသူကြီး၊ ဗဟိုဘဏ် ဥက္ကဋ္ဌ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ တယ်လီကွန်းဆက်သွယ်ရေးကြီးကြပ်ဌာနနဲ့ အခွန်ရုံးတို့ရဲ့ အကြီးအကဲတွေအပြင် ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင်ပြီး သူတို့အတွက် လစဉ် ၂၀၀,၀၀၀ ကျပ် ဖုန်းဘေလ်နဲ့ ၂ နှစ်အတွင်း အကန့်အသတ်မဲ့ အင်တာနက်အသုံးပြုခွင့် ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလမှာ Telecom International Myanmar ရဲ့စီမံခန့်ခွဲမှုအဖွဲ့က ဧပြီလ တစ်လထဲမှာ သုံးစွဲသူအသစ် ၂၅,၃၀၀ ရရှိနိုင်ရေး ပစ်မှတ်ထားတဲ့ “စစ်တပ်အတွက် ရောင်းချမှုအစီအစဉ်”ကို ခွင့်ပြုပေးခဲ့ပြီး၊ တပ်ရင်း/တပ်မမှူးတွေကို ပထမ ဦးစားပေး ရောင်းချပေးခဲ့ကာ ဒီအစီအစဉ်ကို  ရန်သူတွေကို နှိမ်နှင်းအောင်နိုင်ခြင်းလို့ အဓိပ္ပါယ်ဆောင်တဲ့ “အောင်တံခွန်” ဆိုတဲ့ စစ်သုံးအမည် ပေးခဲ့တယ်လို့ဆိုပါတယ်။

အောင်တံခွန် ရောင်းအားမြှင့်အစီအစဉ်အရ မိုင်တဲလ်ဝန်ထမ်းတွေက စစ်အခြေစိုက်စခန်း တစ်ခုချင်း ဆီသို့ သွားရောက်ခဲ့ပြီး ဒေသခံတပ်ရင်း/တပ်မမှူးတွေရဲ့ အကူအညီနဲ့ စစ်ဘက်ဝန်ထမ်းတွေရဲ့ အမည်၊ ရာထူး၊ ကိုယ်ပိုင်နံပါတ် အပါအဝင် အချက်အလက်တွေ ကောက်ယူခဲ့ကြကာ တပ်ရင်း/တပ်မမှူးတွေအနေနဲ့  သူတို့ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်တွေ မိုင်တဲလ် ငွေဖြည့်ကတ်တွေ ပုံမှန်ဖြည့်သွင်းစေဖို့ တာဝန်ယူရပြီး ဒီလိုလုပ်ဆောင်ဖို့ ငွေကြေးလက်ဆောင်မက်လုံးတွေလည်း စီစဉ်ပေးထားကာ အောက်ခြေ အရာရှိအရာခံ အကြပ်တပ်သားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့တယ်လို့ Justice For Myanmar  အဖွဲ့ကထုတ်ပြန်ထားပါတယ်။

ခန့်မှန်းချက်အရ မြန်မာစစ်တပ်ရဲ့  စုစုပေါင်းအင်အားမှာ တပ်ရင်းတပ်ဖွဲ့ပေါင်း ၃၇၉ ခုမှာ စစ်သည်အင်အား ၃၈၆,၅၀၀ ဦး ရှိတယ်လို့ လျှို့ဝှက်ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ သိရပြီး မိုင်တဲလ်ကနေတဆင့် ကောက်ယူခဲ့တဲ့ လျှို့ဝှက်စစ်ဘက် သတင်းအချက်အလက်တွေထဲမှာ စစ်သည်တစ်ဦးချင်းစီ ပါဝင်လှုပ်ရှားနေတဲ့ စစ်ဘက်ဌာန အမည်တွေ၊ တည်နေရာပြ ကိုဩဒိနိတ်တွေနဲ့ စစ်ဘက်ထောက်လှမ်းရေးဌာနတွေရဲ့ စုဖွဲ့မှုအချက်အလက်တွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။

ဒါဟာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ဟာ မိုင်တဲလ်အကျိုးစီးပွားဖော်ဆောင်ဖို့ ဗီယက်နမ်စစ်မှုထမ်းတွေကို မြန်မာစစ်တပ်ရဲ့ တန်ဖိုးကြီးလှတဲ့  စစ်ဘက်လျှို့ဝှက်အချက်အလက်တွေ ကောက်ယူနိုင်ရန် ခွင့်ပြုပေးခဲ့တာဖြစ်သလို ဗီယက်နမ် စစ်တပ်အကူအညီနဲ့ မြန်မာစစ်သည်တွေ၊ အစိုးရအရာရှိကြီးတွေနဲ့ စီးပွားရေးခေါင်းဆောင်တွေကို မြန်မာစစ်တပ်က စောင့်ကြည့် ထောက်လှမ်းနိုင်ဖို့ဖြစ်တယ်လို့  Justice For Myanmar ကသုံးသပ်ပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ ဗီယက်တဲလ် ဝန်ထမ်းတွေကို ကန့်သတ်ထားတဲ့ စစ်ဘက်အခြေခံ အဆောက်အဦတွေထံ သွားရောက်ခွင့်ပေးအပ်ခဲ့ပြီး၊ ဒီဝန်ထမ်းတွေက တာဝါတိုင်တည်ဆောက်ရေးအတွက် စစ်အခြေစိုက် စခန်းတွေရဲ့ မြေပုံတွေ စုဆောင်းပြုစုခဲ့ပြီး ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ တဖက်မှာ “နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး” အမြဲပြောဆိုနေပေမဲ့ သူတို့ရဲ့ စီးပွားရေးအကျိုးစီးပွားကိုသာ ပထမဦးစားပေးအဖြစ်ထားရှိကြောင်း မိုင်တဲလ်ရဲ့ ၂၀၁၈ ခုနှစ် ရောင်းချမှုအစီအစဉ်တွေက ပြသနေပြီး မြန်မာစစ်တပ်ဟာ ရာဇဝင်မှာ တခါမျှ မရှိခဲ့ဖူးတဲ့ မြန်မာစစ်တပ်ရဲ့ ဖွဲ့စည်းမှုပုံစံနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ဗီယက်နမ် စစ်တပ်သို့ လက်လွှဲပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။

စစ်တပ်အတွက်အရောင်းမြှင့်တင်ရေးအစီအစဉ်ကို မိုင်တဲလ်ရဲ့ စီအီးအို ဗိုလ်မှူးကြီး ငုယင်သန့်နမ်က ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ Viettel Global Investment မှ ခန့်အပ်ထားသူတွေ ဦးဆောင်တဲ့ မိုင်တဲလ်ရဲ့ အရောင်းဌာန၊ စီးပွားရေးမဟာဗျူဟာဌာနနဲ့ ဘဏ္ဍာရေးဌာနတို့ရဲ့ ပံ့ပိုးကူညီမှုနဲ့  ကြီးကြပ်ကွပ်ကဲခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်မှာရှိတဲ့ မိုင်တဲလ်လုပ်ငန်းကို Telecom International Myanmar ကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက်ပြီး၊ ကုမ္ပဏီ ရှယ်ယာရှင်တွေထဲမှာ  ဗီယက်နမ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Viettel Global Investment နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ ပါဝင်ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေပိုင်တဲ့ မိုင်တဲလ်လုပ်ငန်းရဲ့  လုပ်ငန်းလည်ပတ်မှု ငါးနှစ်မြောက်ကစပြီး ဆယ်စုနှစ်တစ်ခုအတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထက်ကျော်လွန်တဲ့ ဝင်ငွေရရှိလိမ့်မယ်လို့ Justice For Myanmar က ခန့်မှန်းတွက်ချက်ထားပါတယ်။

Photo-Justice For Myanmar 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013