
ကိုလံဘီယာနိုင်ငံမှာ လူပေါင်းရာချီ သေဆုံးခဲ့ရတဲ့ ပြင်းအား ပမာဏ ၇ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့အပြီးမှာ ကာလီမြို့တော်ဝန် အာလေဟန်ဒရို အက်ဒါက ငလျင်အပြီး လုယက်ခံရမဲ့ အန္တရာယ်တွေ ရှိနေတာကြောင့် မြို့ကို စစ်တပ်နဲ့ ထိန်းချုပ်လိုက်ပြီး ဩဂုတ် ၁၀ ရက် ည ၈ နာရီ ကနေ ဩဂုတ် ၁၁ ရက် မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ မြို့ရဲ့ လုံခြုံရေးအတွက်တင် မဟုတ်ဘဲ ကယ်ဆယ်ရေးသမားတွေ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်ဖို့အတွက်ပါ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လုယက်ဖို့ ကြိုးစားတာ ဒါမှမဟုတ် မသင်္ကာဖွယ် လုံခြုံရေးဖြစ်စဉ်တွေကို တွေ့ရင် ချက်ချင်း သတင်းပို့ တိုင်ကြားကြဖို့လည်း မြို့တော်ဝန်က ပြည်သူတွေကို တောင်းဆိုထားပါတယ်။
မနေ့က ငလျင်ဟာ ၂၁ ရာစုအတွင်း ကိုလံဘီယာမှာ စံချိန်တင် အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင် လည်း ဖြစ်ပါတယ်။
ငလျင်ကြောင့် လက်ရှိမှာ ၁၁၁ ယောက် သေဆုံးပြီး ၈၇ ယောက် ဒဏ်ရာရထားတယ်လို့ သမ္မတ အာဘဲလာဒို ဒီ လာ အက်စ်ပရီယဲလာက အတည်ပြုထားပြီး ဒေသတွင်း သတင်းတချို့မှာတော့ သေဆုံးသူ ၁၃၂ ယောက်အထိ ရှိနိုင်တယ်လို့ ဖော်ပြကြပါတယ်။
အဆောက်အအုံတွေ ပြိုကျကာ ဆေးရုံနဲ့ အခြေခံအဆောက်အအုံတွေလည်း ပျက်စီးပြီး လူတွေ ပိတ်မိနေတဲ့အပြင် ပျောက်ဆုံးနေသူတွေလည်း ရာနဲ့ချီ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Source: Reuters










