DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်ထက် ၁၀ တန်းစာမေးပွဲအောင်မြင်မှုအပေါ် ထောက်ခံသူနှင့် ဝေဖန်သူများ အွန်လိုင်းပေါ် ဂယက်ရိုက်နေ
DVB
·
June 17, 2022
စစ်ကောင်စီလက်ထက် ၁၀ တန်းစာမေးပွဲအောင်မြင်မှုအပေါ် ထောက်ခံသူနှင့် ဝေဖန်သူများ အွန်လိုင်းပေါ် ဂယက်ရိုက်နေ
Donate to DVB

စစ်ကောင်စီလက်ထက်မှာ ကျင်းပတဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ဇွန် ၁၇ ရက် ဒီနေ့ထုတ်ပြန်ကြေညာရာမှာ ဖြေဆိုအောင်မြင်ခဲ့သူတွေနဲ့ သူတို့ရဲ့မိဘတွေက စာမေးပွဲအောင်မြင်တာနဲ့ ဂုဏ်ထူးရတာတို့ကို အွန်လိုင်းမှာ ဂုဏ်ယူတင်နေကြပေမဲ့ အရင်လို ဝိုင်းဝန်းဂုဏ်ပြုတာမျိုး သိပ်မရှိဘဲ ဝေဖန်ခံနေကြရပါတယ်။

ကျောင်းတက်တာဟာ ကလေးတွေရဲ့ ပညာရေးရပိုင်ခွင့်ဖြစ်ပြီး ဘယ်အခြေအနေမှာဖြစ်ဖြစ် ပညာသင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆနဲ့ ကျောင်းတက် စာမေးပွဲဖြေတာကို ထောက်ခံသူတွေလည်း ရှိနေကြတာပါ။

ဒါပေမဲ့ စစ်ကောင်စီကပြုလုပ်တဲ့ စစ်ကျွန်ပညာရေး စာမေးပွဲကို သပိတ်မှောက်တာ အပါအဝင် နေရာတော်တော်များများမှာ တော်လှန်ရေးခုခံစစ်ဖြစ်နေလို့ ဒီနှစ်မှာ စာမေးပွဲဖြေဆိုသူ သိပ်မရှိခဲ့ကြပါဘူး။

စာမေးပွဲဝင်မဖြေခဲ့တဲ့ ရန်ကုန်ဒေသခံ ကျောင်းသားတယောက်က “ကျနော်တို့အရွယ်တွေက တော်လှန်ရေးထဲ ပါနေကြချိန်မှာ သူတို့ (စစ်ကောင်စီက) လုပ်တဲ့ စာမေးပွဲကို ကျနော်မဖြေချင်ဘူး။ ကျနော့်မိဘတွေကလည်း ဘာမှမပြောပါဘူး။ ကျနော့်အဖေတို့ပြောတာ ကြားဖူးတဲ့ ပြည်တော်သာစာမေးပွဲ ဆိုတာမျိုးပေါ့။ ဘယ်သူမဆို အောင်တာမျိုး။ ဒီလိုကျတော့ ကျနော်ရှက်တယ်။ ကျနော့်သူငယ်ချင်းတချို့လည်း ဖြေကြပါတယ်။ တချို့ကလည်း မဖြေကြဘူး။ ဘာမှတော့မပြောချင်ပါဘူး။ ကျနော်တို့အရွယ်တွေက မိဘတွေကခိုင်းတာ လုပ်ရမှာပဲ” လို့ ပြောပါတယ်။

အွန်လိုင်းမှာ စာမေးပွဲအောင်မြင်ကြောင်း တင်ကြသူတွေကို ဝိုင်းဝန်းဝေဖန်ကြတာကြောင့် တချို့ကတော့ မတင်ကြဘူးလို့ အွန်လိုင်းအသုံးပြုသူတယောက်က ပြောပါတယ်။

“ဝိုင်းပြီးဆဲတာပေါ့။ တချို့ မျက်နှာနာတဲ့သူတွေကိုကျတော့လည်း ဘာမှမပြောကြပါဘူး။ တချို့ကလေးတွေကတော့ နဂိုကပဲ စာတော်တာဆိုတော့ ဘယ်အချိန်စစ်စစ် ဂုဏ်ထူးထွက်ကြမှာပါ။ ဘာမှတော့ ပြောစရာမရှိပါဘူး။ အားလုံးက ကိုယ့်ဆုံးဖြတ်ချက် ခံယူချက်နဲ့ လုပ်နေကြတာပဲ။ ဆန့်ကျင်ဘက်တွေ မြင်လာတာကိုတော့ ဝေဖန်ကြမှာပါပဲ။”

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က စာမေးပွဲဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသားတယောက်ကတော့ “ဖြေသင့်တယ်ထင်လို့ ဝင်ဖြေတာပါ။ အရင်တနှစ်ကလည်း မဖြေခဲ့ရဘူးလေ။ ကျနော်တို့ဆီမှာကတော့ အားလုံးနီးပါးဖြေကြတယ်။ အောင်ချက်လည်း ကောင်းကြတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ စာရင်းပေး လျှောက်လွှာတင်ခဲ့သူ ၄၅,၆၀၀ ရှိပြီး ကျောင်းသား ကျောင်းသူပေါင်း ၄၂,၀၀၀ လောက် ဖြေဆိုခဲ့သလို ၁၉,၇၂၉ ယောက် အောင်မြင်တာကြောင့် အောင်ချက် ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်တွေကထက် ၂ ဆလောက် ပိုများတာပါ။

စစ်ကောင်စီလက်ထက်မှာဖွင့်တဲ့ စာသင်ကျောင်းတွေမှာ ကလေးတွေကို တက်ဖို့ ဆုံးဖြတ်လိုက်သူ အများစုဟာ ကလေးတွေ အပြင်မှာ အချိန်မကုန်ဖို့၊ အတန်းနောက်မကျစေဖို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံ၊ လွတ်လပ်သော သုတေသနလုပ်သူများအဖွဲ့ရဲ့ သုတေသနတခုအရ သိရပါတယ်။

စစ်ကောင်စီလက်အောက်မှာပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ မန္တလေးက ကျောင်းသူတယောက်က ၅၅၈ မှတ်နဲ့ အများဆုံးရပြီး ရန်ကုန်က ကျောင်းသား ၂ ယောက်ကတော့  ၅၅၆ မှတ်စီနဲ့ ဒုတိယ အမှတ်အများဆုံး ရကြပါတယ်။

အမှတ်အများဆုံးစာရင်းဝင် ၃၆ ယောက်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်း၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ကရင်ပြည်နယ်က ကျောင်းသူကျောင်းသားတွေ ပါဝင်ပါတယ်။

ဒီစာမေးပွဲမှာ ကျောင်းသားကျောင်းသူပေါင်း ၂၈၁,၇၅၁ ယောက်ဖြေဆိုကြပြီး ၁၃၂,၀၇၇ ယောက် အောင်မြင်တာကြောင့် အောင်ချက်ရာခိုင်နှုန်းက ၄၆ ဒသမ ၈၈ ဖြစ်ပါတယ်။ ကျောင်းသားပေါင်း ၇ သိန်းလောက်က စာမေးပွဲမဖြေကြဘဲ ဒီကျောင်းသားတွေကို ဂုဏ်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးက ပြောထားပါတယ်။

ဒီထဲမှာ ရခိုင်ပြည်နယ်ကတော့ အများဆုံးဖြေဆိုကြပြီး ဧရာဝတီတိုင်းက ဒုတိယအများဆုံး ဖြေဆိုသလို ဒုတိယအောင်ချက်အကောင်းဆုံး ဖြစ်ပါတယ်။

နိုင်ငံအတိုင်းအတာအရ မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံးဖြစ်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းထိ အောင်မြင်ခဲ့ပါတယ်။ မွန်ပြည်နယ်ဟာ အခု တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူ ၁၁,၂၁၂ ယောက်ရှိပြီး အောင်မြင်သူ ၆,၄၁၄ ယောက် ရှိခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013