မကွေးတိုင်း၊ ဂန့်ဂေါမြို့က အမျိုးသမီးငယ်တယောက်အား ဇွန် ၁၆ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF ကလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဂန့်ဂေါမြို့ဘက်ကနေ စိုင်းဒူးရွာဘက်ကို လမ်းလျှောက်သွားတဲ့ အသက် ၁၉ နှစ်လောက်ရှိ မအိသက်မွန်ကို ဇွန် ၁၆ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ PDF လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။
“စစ်(...)တွေက ဘာသက်သေအထောက်ထားမှ မရှိဘဲနဲ့ မတရားဖမ်းဆီးတာဗျ။ မအိသက်မွန်ကို ဂန့်ဂေါမြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး မိသားစုဝင်တွေကိုလည်း တွေ့ခွင့်မပေးဘူး။ ဂန်ဂေါမြို့ အမှတ် ၁ ရပ်ကွက်က စစ်ဆေးရေးဂိတ်မှာတော့ စစ်(...)၊ ရဲ(...)နဲ့ ပျူ(...)တွေ ပူးပေါင်းပြီး ခရီးသွားပြည်သူတွေကို နေ့တိုင်းစစ်နေကြတာ။ ဒလန်တွေက သတင်းပေးလို့ပဲဖြစ်ဖြစ်၊ လက်ကိုင်ဖုန်းထဲမှာ တော်လှန်ရေးနဲ့ပတ်သက်တဲ့ စာသားတွေ တွေ့လို့ပဲဖြစ်ဖြစ် မတရားဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေကြတာ။”
မကွေးတိုင်းအတွင်းမှာ အခုနှစ် ဇန်နဝါရီလကနေ ဒီနေ့အထိ အပြစ်မဲ့ပြည်သူ ၄၀၀ ကျော်လောက်ကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ပြီး ပြီးခဲ့တဲ့ မေလ တလတည်းမှာ ပြည်သူ ၁၀၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။