DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုကို လက်နက်ထောက်ပံ့နေသည့် ရုရှားနှင့် မြန်မာ လက်နက်ပွဲစားများအကြောင်း Justice For Myanmar အဖွဲ့ ထုတ်ပြန်
DVB
·
June 17, 2022
စစ်အုပ်စုကို လက်နက်ထောက်ပံ့နေသည့် ရုရှားနှင့် မြန်မာ လက်နက်ပွဲစားများအကြောင်း Justice For Myanmar အဖွဲ့ ထုတ်ပြန်
Donate to DVB

မြန်မာစစ်တပ်ကို ထောက်ပံ့နေသည့် စစ်လက်နက်ပွဲစားတွေအပေါ် ပစ်မှတ်ထားတဲ့ ယူကေနိုင်ငံရဲ့ ဒုတိယအသုတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို Justice For Myanmar အဖွဲ့က ကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပြီး အဆိုပါ လက်နက်ပွဲစားကုမ္ပဏီတွေအကြောင်းကိုပါ ထုတ်ဖော်ပြထားတာကို တွေ့ရပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေတဲ့ စစ်လက်နက်ပေးသွင်းသူတွေအပေါ် ယူကေနိုင်ငံရဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုကို ကျမတို့ ကြိုဆိုပါတယ်။ စစ်တပ်ရဲ့ ဆက်ပြီးကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စစ်လက်နက်တွေ၊ စက်ပစ္စည်းတွေ၊ ဂျက်လေယာဉ်ဆီတွေနဲ့ အခွန်ဝင်ငွေတွေကို သူတို့ လက်လှမ်းမီရရှိနေတာက အားပေးကူညီနေတာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ရပ်တန့်ဖို့ဆိုရင် သူတို့ရဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို စနစ်တကျ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အခုအချိန်အထိ အရေးယူ ဆောင်ရွက်ဖို့ ပျက်ကွက်နေတဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားတို့ အပါအဝင် ဒေသတွင်း ဒီမိုကရေစီနိုင်ငံများကို မြန်မာစစ်တပ်ရဲ့ စီးပွားရေးအကျိုးစီးပွားတွေနဲ့ စီးပွားရေးဆက်ဆံရေးတွေအပေါ် ညီညွတ်အားကောင်းတဲ့ နိုင်ငံတကာ အရေးယူဆောင်ရွက်မှုတွေ အရေးတကြီးလုပ်ဆောင်ဖို့ ကျမတို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတဝန်း အပြစ်မဲ့ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာ့လေတပ်ကို လက်နက်ပေးသွင်းနေပြီး စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေတဲ့ ရုရှားစစ်လက်နက်ရောင်းချသူကုမ္ပဏီ ၃ ခုနဲ့ မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ ၃ ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာဖြစ်ပြီး အဆိုပါ ကုမ္ပဏီတွေအကြောင်းကို Justice For Myanmar အဖွဲ့က ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

မြန်မာကုမ္ပဏီတွေထဲမှာတော့ စစ်တပ်ရဲ့ အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း ရုရှားနိုင်ငံကနေ Mi-17 အပိုပစ္စည်းတွေကို ဝယ်ယူထားကာ International Gateways Group နဲ့ ဆက်နွှယ်နေတဲ့ကုမ္ပဏီတခုဖြစ်တဲ့  Myanmar New Era Trading Company Limited၊ Concern Radio-Electronic Technologies (KRET) က YAK-130 ပံ့ပိုးစက်ပစ္စည်းတွေ ဝယ်ယူတာ၊ United Engine Corporation က ပြန်လည်ပြင်ဆင်ထားတဲ့ တာဘိုဂျက်အင်ဂျင်တွေ ဝယ်ယူတာ၊ Rosoboronexport and Motor Sich က အင်ဂျင်အပိုပစ္စည်းတွေ ဝယ်ယူတာတွေ အပါအဝင် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ရုရှားနိုင်ငံနဲ့ ယူကရိန်းနိုင်ငံတို့ဆီက စက်ပစ္စည်းတွေ ဝယ်ယူခဲ့တဲ့ မြန်မာစစ်လက်နက်ပွဲစား ကုမ္ပဏီတခုဖြစ်ပြီး Sky Aviator က JSC ရုရှားဟယ်လီကော်ပတာရဲ့ မြန်မာနိုင်ငံ အရောင်းကိုယ်စားလှယ်ဖြစ်တဲ့ Sky Aviator Company Limited နဲ့ မြန်မာစစ်တပ်အတွက် ဟယ်လီကော်ပတာ အပိုပစ္စည်းတွေကို Sins Avia Trading House (CNS Aviation) က ဝယ်ယူခဲ့ပြီး စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ ပစ္စည်းပေးသွင်းသူလည်းဖြစ်တဲ့ Synpex Shwe Company Limited တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရုရှားကုမ္ပဏီတွေအနေနဲ့ ဩစတြေးလျနိုင်ငံရဲ့ Schiebel Corporation ဆီက ထုတ်လုပ်ခွင့်လိုင်စင်နဲ့ Camcopter S-100 UAV တွေကို ထုတ်လုပ်ပြီး မြန်မာ့ရေတပ်နဲ့ မြန်မာ့လေတပ် နှစ်တပ်လုံးက Camcopter S-100 UAVs တွေကို ဝယ်ယူထားတဲ့၊ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း Gorizont က မြန်မာစစ်လက်နက်ပွဲစား ကုမ္ပဏီတခုဖြစ်တဲ့ Miya Win International Limited ထံ ယူအေဗွီအပိုပစ္စည်းတွေကို တင်ပို့ခဲ့တဲ့ JSC Gorizont ဖြစ်ပြီး တင်ပို့တဲ့ပစ္စည်းတွေမှာ ဩစတြေးလျနိုင်ငံက Schiebel ကုမ္ပဏီက ဝယ်ယူခဲ့တဲ့ ပစ္စည်းတွေ ပါဝင်နေကာ ဒါဟာ အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ ကြိုးပမ်းမှုတခု ဖြစ်ကြောင်းကို ပြသနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ Miya Win International ကိုတော့ ယူကေနိုင်ငံက ပြီးခဲ့တဲ့ မတ် ၂၅ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ ရုရှားကုမ္ပဏီတွေကတော့ မြန်မာစစ်လက်နက်ပွဲစား ကုမ္ပဏီ Synpex Shwe Company Limited ဆီ ၂၀၂၁ ခုနှစ်၊ မတ်လက ဟယ်လီကော်ပတာ အပိုပစ္စည်းတွေကို တင်ပို့ခဲ့တဲ့ Sins Avia Trading House LLC (CNS Aviation) နဲ့ လေယာဉ်ဆိုင်ရာ အပိုပစ္စည်းတွေ တင်သွင်းခြင်းနဲ့ ပြုပြင်ခြင်းလုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်တဲ့ Ural Avia LLC ကုမ္ပဏီဖြစ်ပြီး ImportGenius ဆီက မှတ်တမ်းတွေအရ မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ Dynasty International Company Limited ဆီ Mi-17 အပိုပစ္စည်းတွေကို ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ Dynasty International နဲ့ ကုမ္ပဏီဒါရိုက်တာ ဒေါက်တာအောင်မိုးမြင့်တို့ကိုလည်း ယူကေနိုင်ငံက မတ် ၂၅ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ သန်းကျော် ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပြီး အဲဒီအထဲမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာရသူဦးရေ ၇ သိန်းနီးပါး ပါဝင်နေကာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀,၀၀၀ နီးပါးရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013