DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
CDF-KKG က အသက်ပြည့်သူတိုင်း စစ်မှုထမ်းရန် တိုက်တွန်းသည့်အပေါ် ဒေသခံများ ဝေဖန်
မောရစ်
·
March 30, 2026
CDF-KKG တပ်ဖွဲ့ဝင်များ။ (Photo: CDF-KKG)
CDF-KKG တပ်ဖွဲ့ဝင်များ။ (Photo: CDF-KKG)
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ လက်ရှိ စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲနေတဲ့အချိန် ချင်းဒေသကာကွယ်ရေးတပ်တခုဖြစ်တဲ့ CDF-KKG က ကလေး၊ ကဘော်၊ ဂန့်ဂေါ‌ဒေသမှာရှိတဲ့ အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကလေး၊ ကဘော်၊ ဂန့်ဂေါ‌ဒေသမှာရှိတဲ့ အရွယ်ရောက်ပြီးသူအားလုံး စစ်မှုထမ်းဖို့ တိုက်တွန်းနှိုးဆော်ထားတဲ့ ကြေညာချက်တခုကို မတ် ၂၉ ရက်က ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ Chinland Defense Force - Kalay Kabaw Gangaw (CDF-KKG) က ထုတ်ပြန် ပါတယ်။

CDF-KKG ဟာ မတ် ၁၁ ရက်ကနေ မတ် ၁၃ ရက်အထိ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံ ကျင်းပခဲ့ပြီးနောက် တော်လှန်ရေးနဲ့ပတ်သက်တဲ့ တပ်ဖွဲ့ရဲ့ သဘောထားတွေကို အခုလို ထုတ်ပြန်ခဲ့တာပါ။

အသက် ၁၈ နှစ်အထက်ကနေ ၃၆ နှစ်ပြည့်ပြီးတဲ့ အရွယ်ရောက်ပြီးသားသူတွေကို စစ်မှုထမ်းဖို့ ဖိတ်ခေါ်တာဖြစ်ပြီး မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလို့ CDF-KKG ဥက္ကဋ္ဌ Salai Za Bawi Thawng က ပြောပါတယ်။

“ဘာဖြစ်လို့ စစ်မှုထမ်းဖို့ လိုလာတာလဲဆိုရင် ကျနော်တို့ Statement ရဲ့ နံပါတ် ၄ မှာလည်း ပါဝင်ပြီးသား။ ဒီ ပြည်သူ့တော်လှန်ရေးကြီးကို မြန်မြန်လေးပြီးနိုင်အောင်ပေါ့၊ မြန်မြန်လေးပြီးနိုင်အောင် ကျနော်တို့ စစ်မှုထမ်းဖို့ ခေါ်တာဖြစ်တယ်။”

လက်ရှိ အဲဒီနေရာဒေသ ၃ ခုရဲ့ မြို့ပေါ်တွေမှာ စစ်တပ်က နယ်မြေစိုးမိုးထားနိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ကျေးရွာဘက်အပိုင်းတွေမှာ နယ်မြေအသာစီး ရထားတာပါ။

ချင်းပြည်နယ်၊ ဖလမ်းစစ်မြေပြင်မှာ အထိနာနေတဲ့ စစ်တပ်ဟာ တပ်သားသစ်ရဖို့အတွက် ပြီးခဲ့တဲ့နှစ်ထဲက ကလေးမြို့ပေါ်က ရပ်ကွက်တွေမှာ ပေါ်တာဆွဲနေတဲ့အတွက် လူငယ်အများစုက ရှောင်တိမ်းနေရတာ ကြာပြီလို့ ကလေးဒေသခံ လူငယ်တယောက်က ပြောပါတယ်။

အခုထိ မြို့ထဲမှာ အရပ်ဝတ်တွေနဲ့ ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတဲ့ကြားက တော်လှန်ရေးအတွက် စစ်မှုထမ်းရမယ့်အပေါ်မှာတော့ ကလေးဒေသခံ လူငယ်တွေကြားမှာ ဝေဖန်မှုတွေ ရှိနေတယ်လို့ အသက် ၃၀ အရွယ် လူငယ်တယောက်က ဆိုပါတယ်။

“လူငယ်တွေတော့ လက်ရှိမှာ ကိုယ့်ဒေသအတွက် ကျရာနေရာမှာ ဝင်ကုန်ပြီ။ ကျန်နေတဲ့ လူငယ်တွေတော့ မိဘတွေ စောင့်ရှောက်ဖို့ နေနေကြတာ၊ အခုလုပ်ရပ်တွေ အတော်လွန်နေပြီလို့ ထင်ပါတယ်။ နောက်တခုတော့ သက်ဆိုင်နေရာအသီးသီးမှာ လူငယ်တွေ ဝင်ပြီး ပြန်ထွက်သွားတာတွေလည်း ရှိပါတယ်။ ဘာကြောင့် ထွက်သွားကြတာလဲ ဆိုရင် ခေါင်းဆောင်ပိုင်း၊ ဦးဆောင်များရဲ့ စီမံချက် လိုအပ်ချက်ရှိတယ်လို့လည်း မြင်ပါတယ်။”

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းကြောင်းကို ပြန်စိုးမိုးထိန်းချုပ်ဖို့အတွက် စစ်တပ်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့အတွက် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့တွေကလည်း ခုခံစစ်အတွက် ရဲဘော်အင်အား လိုအပ်ချက်တွေ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အရွယ်ရောက်ပြီးသား လူငယ်တွေကို စစ်မှုထမ်းဖို့ ဖိတ်ခေါ်တဲ့ ကိစ္စမှာ မလိုက်နာရင် ဘယ်လိုမျိုး အရေးယူဆောင်ရွက်မှုတွေ ရှိမလဲ ဆိုတာကို CDF-KKG ဥက္ကဋ္ဌက ဆက်ရှင်းပြပါတယ်။

“မလိုက်နာပါက ဆိုတဲ့ဟာကိုတော့ ကျနော်တို့ ကလေးနယ်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ညှိပြီးမှပဲ လိုအပ်ရင် လိုအပ်သလိုပေါ့၊ ကျနော်တို့ လုပ်ဖို့တော့ရှိတယ်။ ဒါပေမဲ့ သို့သော်ငြားလည်း ဒီနေ့အချိန်ထိ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကလေးနယ်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်း၊ ဂန့်‌ဂေါနယ်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတာတော့ မလုပ်ရသေးဘူး။ ဒါပေမဲ့ ဒီနှစ်အတွင်းမှာ လုပ်ဖို့တော့ ကျနော်တို့ဘက်က ကမ်းလှမ်းတာတွေ လုပ်ဖို့ရှိပါတယ်။”

တော်လှန်ရေး ၅ နှစ်တာ ကာလအတွင်း CDF-KKG က ရဲဘော် ၉၂ ယောက် ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူပေါင်း ၂၀၀ ကျော် ရှိတယ်လို့ CDF-KKG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013