DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အတွက် လက်နက်ထောက်ပံ့သည့် ကုမ္ပဏီများကို ယူကေက ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် အမေရိကန် ချီးကျူး
DVB
·
June 17, 2022
မြန်မာစစ်တပ်အတွက် လက်နက်ထောက်ပံ့သည့် ကုမ္ပဏီများကို ယူကေက ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် အမေရိကန် ချီးကျူး
Donate to DVB

မြန်မာစစ်တပ်အတွက် လက်နက်နဲ့ လေယာဉ်အစိတ်အပိုင်းတွေ အထောက်အပံ့ပေးရာမှာ တာဝန်ရှိတဲ့ ကုမ္ပဏီတွေကို ယူကေအစိုးရက ထပ်တိုးပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်လိုက်တဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ချီးကျူးကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်ရန်စမှုကို ထောက်ခံအားပေးတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့အတူ  မြန်မာပြည်သူတွေအပေါ် မြန်မာစစ်အာဏာရှင် အဖွဲ့အစည်းက ကြမ်းကြုတ်ရက်စက်တဲ့ အကြမ်းဖက်မှုတွေ ပြုလုပ်နိုင်စေဖို့ အထောက်အပံ့ပြုနေတဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအကြောင်း ယူနိုက်တက်ကင်းဒမ်းရဲ့ ယနေ့ထုတ်ပြန်ချက်ကို ချီးကျူးတယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာ အပါအဝင် ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စနစ်တကျ ကျူးလွန်နေကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က သိပ်မကြာခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာအပြီးမှာ အဆိုပါ ဒဏ်ခတ်အရေးယူမှုကို ယူကေအစိုးရက ထုတ်ပြန်လိုက်တာပါ။

စစ်အာဏာရှင်ကို ကန့်သတ်တာနဲ့ ရုရှားသမ္မတ ပူတင်ရဲ့ စစ်ယန္တရားဆီ စီးဆင်းသွားနိုင်တဲ့ ဝင်ငွေကို ပစ်မှတ်ထားကာ မြန်မာနဲ့ ရုရှားနိုင်ငံရှိ လက်နက်ကုမ္ပဏီကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရတဲ့ မြန်မာကုမ္ပဏီတွေကတော့ Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd နဲ့ Sky Aviator Company Ltd တို့ဖြစ်ပြီး အဆိုပါကုမ္ပဏီ ၃ ခုလုံးဟာ အာဏာသိမ်းပြီးချိန်ကစတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်ကို  လေယာဉ်အစိတ်အပိုင်းတွေ ထောက်ပံ့တာတွေနဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ယူကေအစိုးရက မြန်မာစစ်တပ်အတွက် လက်နက်နဲ့ လေယာဥ်အစိတ်အပိုင်းတွေ ထောက်ပံ့ရာမှာ ပါဝင်ပတ်သက်နေတဲ့ ရုရှားကုမ္ပဏီ ၃ ခုကိုလည်း အရေးယူ ပိတ်ဆို့တာတွေအပြင် ပူတင်ရဲ့ မဟာမိတ်တွေကို ပစ်မှတ်ထားကာ ပိုမိုကျယ်ပြန့်တဲ့ ဒဏ်ခတ်အရေးယူမှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013