DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှုကို ကုလသမဂ္ဂ ကြိုဆို၊ လုံလောက်မှုမရှိဟု ယူကေ ပြော
DVB
·
August 4, 2026
Photo: ဒေါ်ခိုင်ခိုင်စိုး တယ်လီဂရမ်
Photo: ဒေါ်ခိုင်ခိုင်စိုး တယ်လီဂရမ်
Donate to DVB

စစ်အာဏာရှင်ရဲ့ ဖမ်းဆီးအကျဉ်းချတာ ခံနေရတဲ့ မြန်မာခေါင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တို့  ဩဂုတ် ၃ ရက်နေ့က တွေ့ဆုံမှုကို ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။ 

အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ သက်ရှိထင်ရှားရှိနေသေးရဲ့လားလို့ စိုးရိမ်မေးခွန်းထုတ်မှုတွေ နှစ်နဲ့ချီ ရှိနေခဲ့အပြီးမှာ ခုလို တွေ့ဆုံခဲ့တာပါ။

လွတ်လပ်မှု ပိတ်ပင်ခံထားရသူတွေကို သွားရောက်တွေ့ဆုံတဲ့ ICRC ရဲ့ စံချိန်စံညွှန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို ဖမ်းဆီး ထိန်းသိမ်းခံထားရစဉ်အတွင်း ကိုယ်စားလှယ်တယောက် သွားရောက်တွေ့ဆုံခဲ့တယ်ဆိုတဲ့ ICRC ရဲ့ ထုတ်ပြန်ချက်ကို မှတ်တမ်းတင်ပါတယ်လို့ ကုလသမဂ္ဂ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်ခ် က ဩဂုတ် ၃ ရက်မှာ ပြောပါတယ်။

“ဒီလို တိုးတက်ဖြစ်ထွန်းမှုကို ကျနော်တို့ ကြိုဆိုပါတယ်။ ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တခု ဖြစ်ပေါ်လာဖို့အတွက် အခြေခံကျတဲ့ ခြေလှမ်းတရပ်အနေနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အားလုံးကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကျနော်တို့ရဲ့ တောင်းဆိုမှုကိုလည်း ထပ်လောင်း ပြောကြားချင်ပါတယ်။” 

ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံတို့က တောင်းဆိုထားတဲ့အတိုင်း မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ နည်းလမ်းရှာဖွေရာမှာ ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် သူ့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဘက်က ဘယ်လို ကူညီပံ့ပိုးပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာ့သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်တို့အကြား ဆက်လက်ဆွေးနွေးသွားဖို့ အရေးကြီးတယ်ဆိုတာကို အတွင်းရေးမှူးချုပ်က အလေးအနက် ပြောထားပါတယ်လို့ ဟက်ခ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ကိုယ်စားလှယ်နဲ့ ပေးတွေ့တာကြောင့် အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ပေမဲ့ ဒီတချက်တည်းနဲ့ မလုံလောက်ဘူးလို့ ယူကေအစိုးရက ထုတ်ပြန် ပြောပါတယ်။

ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး ဘာရွန်နက်စ်ဝင်းတားတန်က “အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်တဲ့ သက်သေအထောက်အထားကို ယူဆောင်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီအချက်တခုတည်းနဲ့ မလုံလောက်ပါဘူး” လို့ ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားတဲ့အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ပြီး သူအပါအဝင် မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ဖို့လည်း ယူကေအစိုးရက ထပ်မံတောင်းဆိုလိုက်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတုန်းက စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရပြီးနောက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘာဖြစ်နေလဲ၊ ကျန်းမာရေး ဘယ်လိုရှိလဲ၊ သူ့ကို ဘာမှာ အကျဉ်းချထားလဲ ဆိုတာအတိအကျ သိရဖို့ ခက်ခဲနေတာပါ။ 

ဒေသတွင်း အာဆီယံနိုင်ငံခေါင်းဆောင်တွေက မြန်မာစစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေ မဖိတ်ဘဲ ကြဉ်ဖယ်ထားရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ ဘယ်နိုင်ငံခြားခေါင်းဆောင်နဲ့ သံတမန်တွေနဲ့မှ လူသိရှင်ကြား မတွေ့ခဲ့ရပါဘူး။

ဩဂုတ် ၃ ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံဆိုင်ရာ ICRC ရဲ့ ဌာနေကိုယ်စားလှယ် အာနိုး ဒီဘက်ခ်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်အာဏာရှင်ဘက်က သတင်းထုတ်ပြန်ပါတယ်။ 

ICRC ဘက်ကလည်း အရာရှိ နာမည်ကို ထုတ်မပြောပေမဲ့ သူတို့ ကိုယ်စားလှယ်တယောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်ဆိုတာကို အတည်ပြုခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ကတော့ ဒီတွေ့ဆုံမှုဟာ ၅ နှစ်ကျော်ကာလအတွင်း မိခင်ဖြစ်သူနဲ့ ပတ်သက်ပြီး ပထမဆုံး အပြုသဘောဆောင်တဲ့ တိုးတက်မှုလို့ ပြောဆိုခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013