DVB Logo
Home
မြန်မာသတင်း
၁၀ တန်းစာမေးပွဲ မဖြေသည့် CDM ကျောင်းသား၊ ကျောင်းသူများကို NUG က ဂုဏ်ပြု မှတ်တမ်းတင်
DVB
·
June 17, 2022
၁၀ တန်းစာမေးပွဲ မဖြေသည့် CDM ကျောင်းသား၊ ကျောင်းသူများကို NUG က ဂုဏ်ပြု မှတ်တမ်းတင်
Donate to DVB

စစ်ကောင်စီက ကျင်းပတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်းမပြုဘဲ ပြည်သူနဲ့ တသားတည်းရပ်တည်ကာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ပြီး စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြတဲ့ CDM ကျောင်းသား၊ ကျောင်းသူတွေ အားလုံးကို အလေးအမြတ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ တရားမဝင် အကြမ်းဖက် စစ်အာဏာရှင်က ပညာရေးကို အသုံးချပြီးတော့ အတန်းတင်ပေးတာ၊ သင်ယူပြီးမြောက်ကြောင်း လက်မှတ်တွေ ထုတ်ပေးတာ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ကြောင်း ထုတ်ပြန်ကြေညာတာတွေ စတဲ့ စစ်အာဏာရှင်စနစ် လည်ပတ်အောင် လုပ်ဆောင်မှုတွေအားလုံးဟာ တရားဝင်မှု မရှိကြောင်း အကြိမ်ကြိမ်အခါခါ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်မှာ ပြည်သူကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနဲ့ လူမျိုး/ဒေသအခြေပြု အဖွဲ့အစည်းတွေ၊ ကောင်စီတွေရဲ့ ပညာရေးအဖွဲ့အစည်းတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ကောင်စီတွေရဲ့ အသိအမှတ်ပြုမှုသည်သာ တရားဝင်အသိအမှတ်ပြုမှု ဖြစ်တယ်လို့လည်း ထပ်လောင်း အသိပေးထားတာပါ။

ဒါကြောင့်မို့ ပြည်သူ့ပညာရေးယန္တရား ပိုမိုခိုင်မာ အားကောင်းလာစေရေးအတွက် ပြည်သူ့အစိုးရနဲ့ ပြည်သူ လက်တွဲညီညီ ဆောင်ရွက်ခြင်းနဲ့ စစ်အာဏာရှင်တော်လှန်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးမှာ ဆက်လက်ပါဝင်ပေးကြဖို့လည်း NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ကျင်းပတဲ့ ၂၀၂၂ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကိုတော့ ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပြီးတော့ မြန်မာတနိုင်ငံလုံးရှိ စာစစ်ဌာန ၆၉ ခုနဲ့ နိုင်ငံခြားစာစစ်ဌာနကနေ ကျောင်းသားပေါင်း ၂၈၁,၇၅၁ ယောက် ဝင်ရောက်ဖြေဆိုရာမှာ ၁၃၂,၀၇၇ ယောက် အောင်မြင်ခဲ့ပြီး တနိုင်ငံလုံးရဲ့ အောင်ချက်ရာခိုင်နှုန်းက ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နိုင်ငံအတိုင်းအတာအရ မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံးဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းတို့က ဒုတိယနဲ့ တတိယ အောင်ချက်အကောင်းဆုံး ရရှိခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ်မှာတော့ ဝင်ရောက်ဖြေဆိုသူ ၂,၂၅၉ ယောက်မှာ အောင်မြင်သူ ၆၀၅ ယောက်၊ ရာခိုင်နှုန်းအနေနဲ့ ၂၆ ဒသမ ၇၈ ရာခိုင်နှုန်းနဲ့ အောင်ချက်အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ပြန်လည်ကျင်းပတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုဖို့ ကျောင်းသားသုံးသိန်းကျော် စာရင်းပေးခဲ့ပေမဲ့ နှစ်သိန်းရှစ်သောင်းကျော်သာ ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ကျောင်းသားကျောင်းသူ ၁၀ သိန်းနီးပါးအထိ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းခဲ့တာပါ။

အခု စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ကျောင်းသား ကျောင်းသူ အများစုက စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့အတွက် ဖြေဆိုသူအရေအတွက်ဟာ အရင်နှစ်တွေနဲ့ယှဉ်ရင် သုံးပုံတပုံလောက်သာရှိတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့သူတွေကို အသိအမှတ်မပြုဘူးလို့ ကနဦး ကြေညာချက်ထုတ်ပြန်ထားကာ စစ်အာဏာသိမ်းကာလအတွင်း ပညာရေးနောက်မကျစေဖို့အတွက် NUG အစိုးရအနေနဲ့ "ကြားကာလပညာရေး" အစီအစဉ်တွေ ဆောင်ရွက်နေပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်မယ့် ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနေသူတွေကို သစ္စာဖောက်လောက်ကောင်တွေအဖြစ် သတ်မှတ်လိုက်ပြီး တက္ကသိုလ်ဝင်ခွင့် လက်ခံသွားမှာ မဟုတ်ဘူးလို့လည်း တိုင်းနဲ့ပြည်နယ်အသီးသီးက တက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီတွေက ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013