DVB Logo
Home
မြန်မာသတင်း
သေဒဏ်ချမှတ်မှု ချက်ချင်းရပ်တန့်ရန် စစ်အုပ်စုကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုအဖွဲ့ ၁၁၂ ဖွဲ့ တိုက်တွန်း
DVB
·
June 17, 2022
သေဒဏ်ချမှတ်မှု ချက်ချင်းရပ်တန့်ရန် စစ်အုပ်စုကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုအဖွဲ့ ၁၁၂ ဖွဲ့ တိုက်တွန်း
Donate to DVB

ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် အကျဉ်းသား ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်မယ့် အစီအစဉ်ကို ချက်ချင်းရပ်တန့်ဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ Amnesty International အပါအဝင်  လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုအဖွဲ့ ၁၁၂ ဖွဲ့ က တိုက်တွန်းလိုက်ပါတယ်။

ဇွန် ၁၆ ရက် ရက်စွဲနဲ့ အဆိုပါ ထုတ်ပြန်ချက်မှာတော့ အခုလို သေဒဏ်ချမှတ်ဖို့ စီစဉ်တာဟာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေအရ ချမှတ်ထားတဲ့ လူ့အသက်ကို နိုင်လိုမင်းထက် မတရားသတ်ဖြတ်ခြင်း တားမြစ်ချက်ကို ဖောက်ဖျက်ရာရောက်တဲ့အပြင် တရားမျှတမှု မရှိကြောင်းနဲ့ မြန် မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သေဒဏ်ပေးမှုတွေ စိုးရိမ်ဖွယ်ရာ မြင့်တက်လာတာကို တွေ့ရပြီး စစ်ကောင်စီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ ပြည်သူလူထုကို ဖိနှိပ်ခြိမ်းခြောက်တာတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာပြီး သေဒဏ်ကို လက်နက်သဖွယ် အသုံးပြုလာခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ 

AI အဖွဲ့က မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ သေဒဏ်ချမှတ်မှု သိသိသာသာ တိုးမြင့်လာတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပြီး ၂၀၂၀ ပြည့်နှစ်ကနဲ့ နှိုင်းယှဉ်ရင် သေဒဏ်ချမှတ်ခံထားရသူ ၁ ယောက်ပဲ ရှိခဲ့ရာက အခုဆိုရင် အနည်းဆုံး ၈၆ ယောက် အထိတိုးလာတယ်လို့ဆိုပါတယ်။

အဲဒီထဲမှာတော့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်အမတ်လည်းဖြစ် ဟစ်ပ်ဟော့ပ်အဆိုတော်တယောက်လည်းဖြစ်တဲ့ ဖြိုးဇေယျာသော်တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ နှစ်ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ) နဲ့ ၅၀(ည)တို့အရ သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။

ကိုဂျင်မီကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်က ဖမ်းဆီးခဲ့ပြီး လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်ကတော့ နိုဝင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးအောက်မှာ စစ်တပ်က အရပ်ဘက်တရားစီရင် ရေးကနေ စစ်ခုံရုံးအဖြစ် ပြောင်းလဲခဲ့ပြီး ဆန္ဒပြသူတွေ၊ သတင်းသမားတွေကို ပစ်မှတ်ထားကာ အယောက် ၉၀ လောက်ကို တရားဥပဒေနဲ့ မညီဘဲ တရားလက်လွတ် သေဒဏ်ချမှတ်ခဲ့သလို တရားစွဲ ခံရသူတွေဟာ အယူခံဝင်ခွင့်မရဘဲ အကျဉ်းချုံးနဲ့ အမိန့်ချမှတ်ခဲ့တာလို့လည်း AI အဖွဲ့ရဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။ 

မြန်မာနိုင်ငံမှာတော့ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်း ပြည်သူ ၁၁,၀၈၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၁၄၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၃ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၄ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) စာရင်းအရ သိရပါတယ်။

AI အဖွဲ့ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံက ကွပ်မျက်မှုပေါင်း ၅၇၉ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အဲဒီအရင် ၂၀၂၀ ပြည့်နှစ်မှာတော့ ကွပ်မျက်မှုပေါင်း ၄၈၃ ခုသာ ရှိခဲ့တာ မို့ ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013