DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အတွက် လက်နက်နှင့် လေယာဉ်အစိတ်အပိုင်းတင်သွင်းသည့် ကုမ္ပဏီများကို ယူကေက ထပ်တိုးပိတ်ဆို့အရေးယူ
DVB
·
June 16, 2022
မြန်မာစစ်တပ်အတွက် လက်နက်နှင့် လေယာဉ်အစိတ်အပိုင်းတင်သွင်းသည့် ကုမ္ပဏီများကို ယူကေက ထပ်တိုးပိတ်ဆို့အရေးယူ
Donate to DVB

မြန်မာစစ်တပ်အတွက် လက်နက်နဲ့ လေယာဉ်အစိတ်အပိုင်းတွေ အထောက်အပံ့ပေးရာမှာ တာဝန်ရှိတဲ့ ကုမ္ပဏီတွေကို ယူကေအစိုးရက ထပ်တိုးပိတ်ဆို့အရေးယူမှု အသစ်တွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာအပါအဝင် ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စနစ်တကျ ကျူးလွန်နေကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က သိပ်မကြာခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာအပြီးမှာ အဆိုပါ ဒဏ်ခတ်အရေးယူမှုကို ထုတ်ပြန်လိုက်တာပါ။

စစ်အာဏာရှင်ကို ကန့်သတ်တာနဲ့ ရုရှားသမ္မတ ပူတင်ရဲ့ စစ်ယန္တရားဆီ စီးဆင်းသွားနိုင်တဲ့ ၀င်ငွေကို ပစ်မှတ်ထားကာ မြန်မာနဲ့ ရုရှားနိုင်ငံရှိ လက်နက်ကုမ္ပဏီကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တင်းတင်းကျပ်ကျပ်ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရတဲ့ မြန်မာကုမ္ပဏီတွေကတော့ Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd နဲ့ Sky Aviator Company Ltd တို့ဖြစ်ပြီး အဆိုပါ ကုမ္ပဏီ ၃ ခုလုံးဟာ အာဏာသိမ်းပြီးချိန်ကစတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်ကို  လေယာဉ်အစိတ်အပိုင်းတွေ ထောက်ပံ့တာတွေနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ယူကေအစိုးရက မြန်မာစစ်တပ်အတွက် လက်နက်နဲ့ လေယာဥ်အစိတ်အပိုင်းတွေ ထောက်ပံ့ရာမှာ ပါ၀င်ပတ်သက်နေတဲ့ ရုရှားကုမ္ပဏီ ၃ ခုကိုလည်း အရေးယူပိတ်ဆို့တာတွေအပြင် ပူတင်ရဲ့ မဟာမိတ်တွေကို ပစ်မှတ်ထားကာ ပိုမိုကျယ်ပြန့်တဲ့ ဒဏ်ခတ်အရေးယူမှုတွေလည်း ပါ၀င် တယ်လို့ ဆိုပါတယ်။

မြို့ရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့ Blood Money သွေးစွန်းငွေတွေ၊ ငွေကြေး‌ထောက်ပံ့မှုတွေ ရပ်တန့်စေရေး ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေဖြတ်တောက်ရေးကမ်ပိန်းကိုလည်း ပြည်သူတွေက ပါဝင်နေကြကြီးတော့ ဒီလှုပ်ရှားမှုမှာ စစ်အုပ်စုကိုငွေကြေးအထောက်အပံ့ပေးနေတဲ့ Total၊ Chevron အပါအဝင် နိုင်ငံတကာကုမ္ပဏီကြီးတွေကို ဖိအားပေး တောင်းဆိုမှုတွေထပ်မံပြုလုပ်ဖို့၊ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ဖို့ တဦးချင်းစီပါဝင်ဖို့ စည်းရုံးဖိတ်ခေါ်ထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိ ပါဘူး။

နိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ သန်းကျော် ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပြီး အဲဒီအထဲမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာရသူဦးရေ ၇ သိန်းနီးပါး ပါဝင်နေကာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀,၀၀၀ နီးပါးရှိနေတယ်လို့ ဆိုပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013