DVB Logo
Home
မြန်မာသတင်း
အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသည့် ပြည်သူ ၅ ဦးအတွက် ဝမ်းနည်းကြောင်း NUG ကြေညာ၊ တရားမျှတမှု ပြန်ယူပေးမည်
DVB
·
June 16, 2022
အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသည့် ပြည်သူ ၅ ဦးအတွက် ဝမ်းနည်းကြောင်း NUG ကြေညာ၊ တရားမျှတမှု ပြန်ယူပေးမည်
Donate to DVB

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်တာခံခဲ့ရတဲ့ သူနာပြုဆရာမနဲ့ ကိုယ်ဝန်ဆောင်ဆရာမအပါအဝင် ပြည်သူ ၅ ယောက်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကြေကွဲဝမ်းနည်းရကြောင်းနဲ့ ပြည်သူတွေအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေး သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွန် ၁၀ ရက်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ အသက် ၂၇ နှစ်အရွယ် CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်အပါအဝင် CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်၊ ကိုယ်ဝန်ဆောင်မိခင် CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ၊ မသဲအိအိဝင်းနဲ့ Northern - Yesagyo (N - YSO) ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဝူခုန်း (ခ) မောင်ဌေးမင်းဦးတို့ ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်ဟာ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့အပြင် အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်တဲ့ သူနာပြုတက္ကသိုလ်တွေကို သပိတ်မှောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ယာယီတက္ကသိုလ်ကောင်စီ၊ သူနာပြုတက္ကသိုလ်-မန္တလေးက ဖွင့်လှစ်တဲ့ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (On Campus) မှာ တက်ရောက်သင်ကြားနေပြီး လက်ရှိစစ်ဆေးနေတဲ့ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (On Campus) စာမေးပွဲကို အွန်လိုင်းမှတဆင့် စာမေးပွဲဖြေဆိုနေသူလည်းဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် CDM ကျောင်းဆရာမအပါအဝင်  CDM ဝန်ထမ်း ၃ ယောက်နဲ့ PDF တပ်ဖွဲ့ဝင် ၂ ယောက်ကို စစ်ကောင်စီတပ်သားတွေက မီးရှို့ သတ်ဖြတ်ခဲ့တာလို့  ရေစကြိုမြောက်ပိုင်း N-YSO ပြောက်ကျားတပ်ဖွဲ့ကလည်း ပြောပါတယ်။

N-YSO စခန်းကို စစ်ကောင်စီတပ်က ဇွန် ၁၀ ရက်မှာ စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်စီးနင်းဖို့ ကြိုးစားစဉ် ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အရာခံဗိုလ်တစ်ယောက်အပါဝင် ၁၃ ယောက်သေဆုံးခဲ့ပြီးနောက် ပြည်သူတွေကို အခုလိုဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ N-YSO ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်မုတ်ဆိတ်က ပြောပါတယ်။

“အဲဒီစစ်ကြောင်းကတော့ အထိနာပြီး နောက်ကြောင်းပြန်ဆုတ်သွားကာ နောက်ထပ်စစ်ကြောင်း ၂ ကြောင်းက စစ်ဘေးရှောင်တွေရဲ့ နေရာကိုဝင်စီးပြီး ကျနောf်တို့ရဲဘော်တွေအပါအဝင် ပြည်သူ ၁၅ ​ယောက်လောက်ကို ဖမ်းဆီးပြီး လမ်းပြအဖြစ် ခေါ်သွာကြတယ်။ အဲဒီထဲမှာ ပြည်သူ့ပညာရေးအစီစဥ်မှာ ပညာသင်ပေးနေတဲ့ CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်၊ ကိုယ်ဝန် ၅ လရှိတဲ့ CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ၊ CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ ထောက်ပို့ရဲဘော် မသဲအိအိဝင်းနဲ့ ရဲဘော်ဝူခုန်း(ခ)ကိုဌေးမင်းဦး တို့ဖမ်းဆီးခံခဲ့ရတာ။”

အထက်တန်းသူနာပြု ဆရာမ ဒေါ်ဇာလီနိုင်ကတော့ ချော်လဲပြီး ဒဏ်ရာရလာတဲ့ ရဲဘော်တစ်ယောက်ကို  ဆေးကုပေးနေရင်း အဖမ်းခံလိုက်ရတာလို့ ဗိုလ်မုတ်ဆိတ်က ပြောပါတယ်။

“နောက်ပိုင်းတပ်တွင်း သတင်းရတော့မှ မီးရှို့ ပြီး အသတ်ခံလိုက်ရတယ်လို့ သိရတာ။ နေရာအနှံ့ လိုက်ရှာပေမယ့် မတွေ့ခဲ့ဘူး။ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှသာ စစ်(...)တွေက သူတို့ရဲ့ ခြေထောက်တွေကို ဖြတ်ပြီး အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခံရတဲ့ အလောင်းတွေကို တွေ့ရှိခဲ့လို့ အဲဒီနေရာမှာဘဲ စစ်ရေးပြအခမ်းနားနဲ့ မီးသင်္ဂြိုဟ်ပေးခဲ့ကြတယ်”လို့ ဗိုလ်မုတ်ဆိတ်က ပြောပါတယ်။

ပခုက္ကူမြို့နယ်က CDM ပညာရေးဝန်ထမ်းတစ်ယောက်တော့ “စခတွေက သက်သက် လူမဆန်စွာ မီးရှို့သတ်ဖြတ်ပြီး နှိပ်စက်တာ။ တည်ဆဲဥပဒေတွေရှိပါလျက်နဲ့ ပြည်သူအပေါ် ဥပဒေမဲ့ လုပ်တဲ့ လုပ်ရပ်ပဲဖြစ်တယ်”လို့  ပြောပါတယ်။

ပေါက်မြို့နယ် မြောက်မြေနီရွာမှာလည်း မေလ ၁၆ ရက်နေ့ညပိုင်းက စစ်ကောင်စီရဲ့ လက်ပါးစေ ပျူစောထီးတွေက ပေါက်မြို့ကနေ စျေးဝယ်ပြီးပြန်လာတဲ့ ဦးခင်မောင်ရီနဲ့ သမက်ဖြစ်သူကို ကားပေါ်မှာ မီးရှို့ သတ်ဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သူတို့ ၅ ယောက်အပါအဝင် ကျဆုံးပြည်သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် အပြစ်မဲ့ ကျဆုံးခဲ့ရတဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ ပြည်သူတွေအတွက် တရားမျှတမှုကို မဖြစ်မနေပြန်လည်ရယူပေးမှာဖြစ်ကြောင်း၊ စစ်ကောင်စီနဲ့အတူ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ခဲ့သူတွေအားလုံးကို ပြည်သူ့တရားဥပဒေနဲ့အညီ ပြင်းထန်စွာ တုံ့ပြန်အရေးယူမှာဖြစ်ကြောင်းနဲ့ စစ်အာဏာရှင်စနစ်ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာတဲ့အထိ ပြည်သူလူထုတရပ်လုံးနဲ့အတူ ကြိုးပမ်းတိုက်ပွဲဝင်သွားမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၉၅၀ ကျော်ထိ မြင့် တက်လာပြီး ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၁၂၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013