
ရုရှားက ယူကရိန်းနယ်စပ်ဘက်မှာ လုံခြုံရေးဇုန်တခုကို စတင်ဖန်တီးနေပြီး၊ နောင်ယူကရိန်းနဲ့ ဘယ်လို ဆွေးနွေးပွဲတွေလုပ်လုပ် ဒါကိုတော့ လုံးဝအလျှော့ပေးညှိနှိုင်းမှာ မဟုတ်ဘူးလို့ သမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။
စစ်ဝတ်စုံအပြည့်နဲ့ ပူတင်က စစ်ဌာနချုပ်တခုကို သွားရောက်ခဲ့ချိန်မှာ ပြောကြားခဲ့တာဖြစ်ပြီး ဒီစစ်ဆင်ရေးဟာ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ယူကရိန်းဘက်က ရုရှားအနောက်ပိုင်း ကာ့စ်ခ် ဒေသထဲ အတင်းဝင်ရောက်တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်တာလို့ ဆိုပါတယ်။
ဒီနှစ်စ ကတည်းက ရုရှားတပ်တွေဟာ ယူကရိန်းနယ်မြေ စတုရန်းကီလိုမီတာ ၆,၅၀၀ လောက်နဲ့ မြို့၊ ရွာ ပေါင်း ၃၁၀ ကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ လက်ရှိမှာ ဒွန်နက်စ်ဒေသရဲ့ ၁၀ ရာခိုင်နှုန်းကျော်နဲ့ ဇာပိုရီးရှားဒေသရဲ့ ၁၆ ဒသမ ၅ ရာခိုင်နှုန်းလောက်သာ ယူကရိန်းလက်အောက်မှာ ကျန်တော့တယ် လို့လည်း သူက ထည့်သွင်းပြောပါတယ်။
ဆက်လက်ပြီး "ရုရှားမြေပေါ်ကနေ ရန်သူကို မောင်းထုတ်ဖို့တင်မကဘဲ၊ နယ်စပ်နဲ့ ထိစပ်နေတဲ့ နယ်မြေမှာ လုံခြုံရေးဇုန်တခု တည်ဆောက်ဖို့ပါ ရုရှားတပ်ဖွဲ့တွေကို တာဝန်ပေးထားပါတယ်။ ဒီတာဝန်ကို အောင်အောင်မြင်မြင် ဆောင်ရွက်နေပါတယ်" လို့ ရုပ်သံကတဆင့် ပြောပါတယ်။
ပူတင်က "အနာဂတ်မှာ ရုရှားနယ်စပ်ဒေသတွေ လုံးဝဥဿုံ ဘေးကင်းလုံခြုံဖို့ ရည်မှန်းချက်ထားပြီး ဒါကို ယူကရိန်းနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အလျှော့ပေး ဆွေးနွေးမဲ့ အကြောင်းအရာအဖြစ် ထည့်သွင်းဖို့ အစီအစဉ်မရှိပါဘူး" လို့ ဆိုပါတယ်။
ရည်ရွယ်ထားတဲ့ အဲဒီလုံခြုံရေးဇုန်ဟာ အရှည် ကီလိုမီတာ ၆၆၀ (မိုင် ၄၁၀) ရှိပြီး၊ အဲဒီထဲက ၇၀ ရာခိုင်နှုန်းကို လက်ရှိအချိန်မှာ ရုရှားက ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ခရင်မ်လင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။
Source: Reuters











