DVB Logo
Home
မြန်မာသတင်း
၂၀၂၃ ရွေးကောက်ပွဲ လွတ်လပ် မျှတမည်ဟု စစ်ကောင်စီဩဇာခံ ကော်မရှင်ပြော
DVB
·
June 16, 2022
၂၀၂၃ ရွေးကောက်ပွဲ လွတ်လပ် မျှတမည်ဟု စစ်ကောင်စီဩဇာခံ ကော်မရှင်ပြော
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မယ်လို့ အာမခံတဲ့အကြောင်း စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ဇွန် ၁၆ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ချောလက်ကတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ပြောကြားထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒေသတွင်းနဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေကို လှည့်စားဖို့ ကြိုးပမ်းမှုသက်သက်ပဲဖြစ်ပြီး ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ကြောင်း ဒဲရက်ချောလက်က ဇွန် ၁၁ ရက်က  စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ရှန်ဂရီလာဒိုင်ယာလော့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

၂၀၂၃ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက မဲပေးတဲ့အခါမှာ ဖြစ်နိုင်တဲ့ risk တွေကို လျှော့ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်နေကြောင်း၊ ဒါကြောင့် သန္နိဋ္ဌာန်ချမှတ်ပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်မှာဖြစ်ကြောင်း အာမခံပြီး ပြောကြားလိုတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီ စစ်ဆေးမှုတွေကို ၂၀၂၁ ဩဂုတ်လက စတင်ဆောင်ရွက်ခဲ့ရာမှာ လက်ရှိ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီရှိတဲ့အနက် ၈၅ ပါတီကို စစ်ဆေးခဲ့ပြီးဖြစ်ပြီး ၈ ပါတီကိုသာ စစ်ဆေးဖို့ကျ‌န်တော့တယ်လို့ ဆိုပါတယ်။

စစ်ဆေးရခြင်းမရှိသေးတဲ့ ပါတီတွေဟာ လာမယ့်ရွေးကောက်ပွဲကို ဝင်ရောက်ပြိုင်ခွင့် ရှိမရှိကတော့ အခုလို စစ်ဆေးမှုတွေအပေါ် အလုံးစုံမူတည်ခြင်းတော့ မရှိဘူးလို့လည်း ဆိုပါတယ်။

“ရွေးကောက်ပွဲမှာ ဝင်ရောက်ခွင့်ရမရဆိုတာ ဒါကတော့ တိုက်ရိုက်ကြီးတော့ မသက်ဆိုင်ပါဘူး။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိစ္စနဲ့ ပါတီစစ်ဆေးတဲ့ကိစ္စက တိုက်ရိုက်မဆက်စပ်ဘူး။ သို့သော်လည်း ရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာ အဲ့ဒီပါတီတွေရဲ့ အခြေအနေတွေအပေါ် မူတည်တယ်။ အဲ့ဒီပါတီက ဖျက်သိမ်းခံထားရတဲ့ပါတီဆိုရင် ပြိုင်လို့မရဘူး။ ယာယီရပ်ဆိုင်းခံထားရတယ်ဆိုရင် ပြိုင်လို့မရဘူး။ နောက်တခုက သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်ကို မပြိုင်နိုင်ဘူးဆိုရင် ပြိုင်ခွင့်ရမှာ မဟုတ်ပါဘူး" လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက အပြတ်အသတ်အနိုင်ရပြီး စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်သွားပြီးနောက် စစ်တပ်က တရားမဝင် အာဏာသိမ်းယူခဲ့ကာ ရွေးကောက်ပွဲရလဒ်ကိုလည်း မဲစာရင်းမှားတယ်လို့ အကြောင်းပြ စွပ်စွဲပြီး ပယ်ဖျက်ခဲ့တာပါ။

အခု စစ်ကောင်စီက ထပ်မံကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းမမှားအောင် ဘယ်လောက် အာမခံနိုင်မလဲဆိုတာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ အများကြီးဖြစ်နိုင်တယ် ဆိုတာကို လက်ခံသူတွေ အများကြီးရှိတယ်လို့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။

ဒီပွဲကို တက်ရောက်လာတဲ့ သတင်းထောက်တယောက်က စစ်ကောင်စီရဲ့ ကော်မရှင်က ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲကို လူထုမယုံကြည်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မယုံကြည်မှု၊ သက်ဆိုင်ရာ နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ မယုံကြည်မှုတွေ ရှိနေတယ်ဆိုတာ သိမယ်ထင်တယ်လို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုရင် ကော်မရှင်က ထုတ်ပြန်ထားတဲ့ ၂၀၂၀ မဲစာရင်းစစ်ဆေးချက်ကိုတောင် လျစ်လျူရှုထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်တပ်က ဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ ဘယ်လောက်ထိ ယုံကြည်ရမလဲလို့ မေးပါတယ်။

ဒီအပေါ်မှာ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဖွဲ့စည်းပုံဥပဒေအရနဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်အရ ရွေးကောက်ပွဲကျင်းပပေးဖို့ တာဝန်ရှိသလို ကော်မရှင်အဖွဲ့ဝင်တွေဟာ အတွေ့အကြုံရင့်ကျက်ပြီး ပါတီနိုင်ငံရေး ကင်းရှင်းသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဝေဖန်တဲ့သူတွေ ပြောနေတာဟာ သူတို့သဘောထားပဲဖြစ်ပြီး လုပ်စရာ လုပ်ငန်းစဉ် အဆင့်တိုင်းမှာ သက်ဆိုင်ရာပါတီတွေ၊ ပြည်သူလူထုရှေ့မှာ လုပ်တာတွေ ဖြစ်တယ်လို့ ပြောပါတယ်။

သတင်းထောက်က ၂၀၂၀ မဲမသမာမှုရလဒ်ကို တောက်လျှောက် ထုတ်ပြန်နေခဲ့တာ ကြာပြီဖြစ်ပြီး နိုင်ငံတကာ၊ နိုင်ငံရေးပါတီတွေရဲ့ အသိအမှတ်ပြုမှုနဲ့ လက်ခံပေးနိုင်မှု ဘယ်လောက်ရှိလဲလို့ ဆက်ပြီးမေးပါတယ်။

ဦးခင်မောင်ဦးက “ကျနော်တို့ကတော့ Document တွေ အပြည့်အဝနဲ့ ချပြထားပြီးသား ဖြစ်ပါတယ်။ လက်ခံတဲ့သူတွေလည်း မြောက်မြားစွာရှိပါတယ်။ ဒါတွေကို ထောက်ခံပြီးတော့ ဒါတွေကို လက်ခံတဲ့သူ များစွာရှိကြောင်း ဖြေကြားလိုပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။စစ်ကောင်စီအနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ရည်မှန်းထားပြီး ရွေးကောက်ပွဲစနစ်ကို PR စနစ်ကို ပြောင်းလဲကျင့်သုံးဖို့လည်း စီစဉ်နေပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကို PR စနစ်နဲ့ ကျင်းပဖို့ အများစုက သဘောတူထားပြီး လူထုဆန္ဒခံယူပွဲတော့ လုပ်ဖို့ မရှိဘူးလို့ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013